TNLA က ဖမ်းဆီးထားတဲ့ NLD အမတ် ပြန်မလွတ်သေး

နမ္မတူမြို့မှာTNLA က ဖမ်းဆီးထားတဲ့ NLD ရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းလှိုင်ဟာ လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

TNLA တပ်ဖွဲ့မှ ဖမ်းဆီးခြင်းခံထားရသည့် နမ္မတူမြို့နယ် NLD လွှတ်တော် အမတ်ဟောင်း ဦးဝင်းလှိုင်ကို တွေ့ရစဉ်။ Citizen Photo

ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့မှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရဲ့ ပြည်နယ်လွှတ်တော်အမတ် ဦးဝင်းလှိုင်ဟာ နှစ်လကျော်ကြာတဲ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ ဒေသခံတွေက နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြောပါတယ်။

စက်တင်ဘာလ ၂ ရက်နေ့မှာ TNLA က ဖမ်းဆီးသွားတာဖြစ်ပြီး အောက်တိုဘာလကုန်ပိုင်းမှာ ဒေသခံတွေက TNLA ခေါင်းဆောင်ပိုင်းတွေကို စာပေးပို့တောင်းဆိုထားပေမဲ့ ဒီနေ့အထိ ပြန်မလွတ်သေးဘူးလို့ နမ္မတူဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“ဘော်တွင်းဒေသမှာ တအာင်း ပညာရေးကော်မတီက ပညာရေးကျောင်းတွေ ဖွင့်လှစ်မဲ့ကိစ္စမှာ သူကဝေဖန်တဲ့ ကိစ္စနဲ့ ဆက်စပ်တယ်လို့ ယူဆရတယ်ဗျ။ သူတို့က (TNLA) တော့ ဘာလို့ဖမ်းတယ်ဆိုတာ အတိအကျမပြောသလို အဆက်အသွယ်လည်း မရဘူး။ အဲတာနဲ့ သူတို့လူကြီးတွေကို စာတင်ပြီး ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ သဘောပါ။ ဒါမျိုးဖမ်းတာကြတော့ မကောင်းဘူးလေနော်။ အချင်းချင်း ပွတ်တိုက်မှုတွေ ဖြစ်လာနိုင်တယ်”

ဒီကိစ္စနဲ့ ပတ်သက်လို့ TNLA သတင်းပြန်ကြားရေး တာဝန်ရှိသူ လွေးယေဦးကို RFA က ဆက်သွယ်မေးမြန်တဲ့အခါ သူ့အနေနဲ့ အတိအကျ မသိရှိရသေးအကြောင်း ပြောဆိုပါတယ်။

နမ္မတူမြို့နယ်၊ ဘော်တွင်းဒေသမှာ နေထိုင်တဲ့ NLD လွှတ်တော်အမတ် ဦးဝင်းလှိုင်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့သူဖြစ်ပြီး စစ်တပ်အာဏာသိမ်းချိန်မှာ ဘေးလွတ်ရာကို တိမ်းရှောင်နေခဲ့ရသူ ဖြစ်ပါတယ်။

သူဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) နဲ့ ချိတ်ဆက်ပြီး ဒေသဖွံ့ဖြိုးရေး ကိစ္စတွေကို ဆောင်ရွက်နေသူ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org