အနိုင်ရ NLD ကိုယ်စားလှယ်တွေ အနေနဲ့ ပါတီဂုဏ်သိက္ခာ မထိခိုက်အောင် ပြော ဆိုဆွေးနွေးနိုင်ဖို့လို

ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရေးရာကော်မတီတွေမှာ တာဝန်ထမ်းဆောင် တဲ့အခါ ပါတီရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ပြော ဆိုဆွေးနွေး လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့ နာယက သူရဦးတင်ဦးက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက သူရဦးတင်ဦး ကို ဒီဇင်ဘာလ ၁၆ ရက်နေ့က နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်မှာ ကျင်းပတဲ့ အနိုင်ရကိုယ်စားလှယ်တွေကို သင်တန်းပေးတဲ့ အခမ်းအနားတွင် တွေ့ရစဉ် Photo: Win Ko Ko Latt/RFA
ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေအနေနဲ့ လွှတ်တော်ရေး ရာကော်မတီတွေမှာ တာဝန်ထမ်းဆောင်တဲ့အခါ ပါတီရဲ့ဂုဏ်သိက္ခာကို မထိခိုက်အောင် ပြောဆိုဆွေးနွေး လုပ်ကိုင်နိုင်ဖို့ လိုအပ်ကြောင်း ပါတီရဲ့ နာယက သူရဦးတင်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီပါတီ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်တွေအတွက် စွမ်းရည်မြင့်သင်တန်းကို နေပြည်တော် က ရွှေစံအိမ်ဟိုတယ်မှာ ဒီနေ့ စတင်ကျင်းပရာ သင်တန်းဖွင့်ပွဲအခမ်းအနားမှာ သူရ ဦးတင်ဦးက ပြောတာဖြစ် ပါတယ်။

"လွှတ်တော်ထဲမှာကျရင် အသီးသီးသော အဖွဲ့တွေထဲမှာပါကြရမယ်၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ တိုင်းရင်းသားရေးရာ၊ ကာကွယ်ရေးရာ၊ ဥပဒေရေးရာ အများကြီးပဲ၊ အဲ့အထဲမှာ ပါဝင်ဆောင်ရွက် ကြရမယ်၊ အဖွဲ့ရဲ့ဆောင်ရွက်ခဲ့တဲ့ ဂုဏ်သိက္ခာတွေကို မထိခိုက်နိုင်အောင်ပြောနိုင်ရမယ်"

ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးဝင်းထိန်က တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ဒေသဖံ့ွဖြိုးရေးအတွက် အဓိကထား ဆောင်ရွက်ကြရမှာဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ်တွေဟာ ဥပဒေပြုရေးကို အာရုံစိုက်ကြဖို့ တိုက်တွန်းခဲ့ပါတယ်။

ဒီသင်တန်းမှာ မန္တလေးတိုင်း၊ နေပြည်တော်၊ ကချင်ပြည်နယ် နဲ့ ရှမ်းပြည်နယ်တို့က အန်အယ်လ်ဒီပါတီ အနိုင်ရ ကိုယ်စားလှယ် ၁၇၀ ကျော်ကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာကိစ္စရပ်တွေ၊ လွှတ်တော်လုပ်ငန်းဆောင်ရွက် ပုံတွေ၊ နိုင်ငံတကာဆက်ဆံရေးနဲ့ ဘဏ္ဍာရေးဆိုင်ရာကိစ္စတွေကို ရှေ့နေ ဦးကိုနီ၊ ဦးအောင်ကြည်ညွန့်နဲ့ ဦးမျိုးရန်နောင်သိန်းတို့က သင်ကြားပေးမှာဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ လွှတ်တော်အသီးသီးအတွက် ကိုယ်စားလှယ် ၈၀၀ ကျော် အနိုင်ရရှိခဲ့ပြီး လာမယ့်နှစ် ဖေဖော်ဝါရီလမှာ ကျင်းပမယ့် လွှတ်တော်အသစ် မစတင်ခင် အန်အယ်လ်ဒီ ကိုယ်စားလှယ်တွေအတွက် စွမ်းရည်မြင့်သင်တန်းတွေကို ဒေသအသီးသီးမှာ ပို့ချပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org