ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး ဆုတောင်းပွဲတွေ ကျင်းပ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေကို တိုင်းနဲ့ပြည်နယ်အတော်များများမှာ ဒီနေ့ တပြိုင်တည်းကျင်းပကြပါတယ်။
-
2017-10-10 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပတဲ့ ဘာသာပေါင်းစုံ ငြိမ်းချမ်းရေးဆုတောင်းပွဲတွေကို တိုင်းနဲ့ပြည်နယ် အတော်များများမှာ ဒီနေ့ တပြိုင်တည်းကျင်းပကြပါတယ်။
ရန်ကုန်တိုင်းဒေသကြီးမှာကျင်းပတဲ့ ဆုတောင်းပွဲကို အောင်ဆန်းကွင်းမှာ ပြုလုပ်တာဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရ အဖွဲ့၊ NLD ပါတီခေါင်းဆောင်တွေ၊ နိုင်ငံတကာသံအမတ်တချို့နဲ့ ဘာသာပေါင်းစုံက လူထုပရိသတ် သောင်းနဲ့ချီ တက်ရောက်ခဲ့ပါတယ်။
ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ မဟာယာန ဗုဒ္ဓဘာသာတို့က ခေါင်းဆောင်တွေ က သက်ဆိုင်ရာဘာသာတွေက တရားတော်နဲ့အညီ မေတ္တာစကားပြောကြားတာတွေ ဆုတောင်းတာတွေ ပြုလုပ် ခဲ့ကြပါတယ်။
အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တစ်ဦးက မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရရှိဖို့ အစ္စလာမ် ဘာသာဝင်တွေ ကလည်း လိုလားတောင့်တသလို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစတဲ့ ဘက်ပေါင်းစုံ တိုးတက်ရေးမှာ ပူးပေါင်းပါဝင်ဖို့ အစ္စလာမ်ဘာသာဝင်တွေက အဆင်သင့်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပွဲဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ပေးခဲ့ကြသူတွေနဲ့ ပါဝင်ကြသူတွေကို ကျေးဇူးတင်စကား ပြောခဲ့ပါတယ်။ ဒါ့အပြင် ဘာသာပေါင်းစုံခေါင်းဆောင်တွေနဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့ဟာ ငြိမ်းချမ်းရေးဖယောင်းတိုင်တွေလည်း ထွန်းညှိခဲ့ကြပါတယ်။
မွန်ပြည်နယ် မော်လမြိုင်မြို့နယ်က ပြည်နယ်ခန်းမမှာ ကျင်းပတဲ့ ဆုတောင်းပွဲကို မြို့နယ် ၁၀ခုက NLD ပါတီဝင် လူဦးရေ ၅ထောင်လောက် တက်ရောက်ခဲ့ပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ပါတယ်။
မန္တလေးမြို့ မနော်ရမ္မံလူထုဟစ်တိုင်ကွင်းမှာ ကျင်းပတဲ့ ဆုတောင်းပွဲကို လူဦးရေထောင်နဲ့ချီ တက်ရောက်ပြီး ဘာသာပေါင်းစုံခေါင်းဆောင်တွေက ဘာသာအလိုက် ဆုတောင်းခဲ့ကြပါတယ်။
ဆုတောင်းပွဲကို မလာနိုင်သူတွေအနေနဲ့ မိမိတို့ရဲ့နေအိမ်တွေမှာ ညနေ ၆ နာရီ ဒါမှမဟုတ် ၈ နာရီမှာ ဖယောင်းတိုင် မီးထွန်းဆုတောင်းကြဖို့ နှိုးဆော်မှုတွေ ရှိနေပါတယ်။
အဲဒီလိုဆုတောင်းပွဲတွေကို ဒီလတစ်လလုံး အပတ်စဉ် အင်္ဂါနေ့တိုင်း မန္တလေးမြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။