အမျိုးသားနိုင်ငံအတွက် ပညာရေး အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော

နိုင်ငံ တနိုင်ငံ တိုးတက်လာဖို့ ပညာရေးက အင်မတန် အရေးကြီးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး အစည်းအဝေးခမ်းမမှာ ဒီကနေ့ ကျင်းပတဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ မိန့်ခွန်းမှာ အလေးပေး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

၂ဝ၁၁ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့က အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရန်ကုန်မြို့ ဌာနချုပ်တွင် ကျင်းပသည့် ၉၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားစဉ်။ AFP

အမျိုးသားနေ့ရဲ့ မူလအစဟာ ပညာရေးတောင်းဆိုမှုက စတင်ခဲ့တာ ဖြစ်ကြောင်း၊ တိုင်းပြည်မှာ ပညာတတ်သူတွေ ပေါများဖို့၊ လူအများ ပညာသင်ကြားနိုင်ဖို့ အရေးတကြီး လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။

အဖွဲ့ချုပ်ရဲ့ အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ကာတွန်းပြပွဲနဲ့အတူ စာပေဟောပြောပွဲ ကျင်းပခဲ့ရာမှာ စာရေးဆရာ ရုပ်ရှင်ဒါရိုက်တာ မောင်မိုးသူနဲ့ ကဗျာဆရာ ကိုလေး (အင်းဝဂုဏ်ရည်) တို့က အမျိုးသားနေ့အကြောင်း ဟောပြောခဲ့ကြပါတယ်။

ဒီနေ့ အခမ်းအနားမှာ ဒုတိယအကြိမ် “အညတရ သူရဲကောင်းဆု” ပေးအပ်ချီးမြှင့်ခဲ့ရာမှာ လက်ရှိ အကျဉ်းကျ ခံနေရဆဲဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ၄ ဦးကို ချီးမြှင့်ခဲ့ပါတယ်။ သရက်ထောင်မှာ ထောင်ဒဏ် ကျခံနေရဆဲ ဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသား ကိုသန်းဇော်၊ ဗန်းမော်ထောင်က မမာမာဦး၊ ကျောက်ဖြူထောင်က ဦးစိုင်းလှအောင်နဲ့ မြစ်ကြီးနားထောင်က ဦးဝေရသူ တို့ကို အညတရ သူရဲကောင်း ဆုရှင်တွေအဖြစ် ရွေးချယ်လိုက်ပြီး ဆုရှင်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်က ဆု ချီးမြှင့်ခဲ့ပါတယ်။ ဆုရှင်တဦးကို ကျပ်ငွေ ၁ဝ သိန်း ပေးအပ်ချီးမြှင့်ကြောင်း သိရပါတယ်။

ဒီ အခမ်းအနားကို ပရိသတ် တထောင်လောက် တက်ရောက်ခဲ့ကြပါတယ်။ အမျိုးသားနေ့ အထိမ်းအမှတ် ကာတွန်းပြပွဲကို သုံးရက်ကြာ ပြသမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org