ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု နှေးကွေးနေကြောင်း ဦးဉာဏ်ဝင်း ပြော
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ဖို့ကြိုးစားနေပေမယ့် မအောင်မြင်သေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ်တိုးတက်မှု နှေးကွေးနေတယ်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
-
2016-12-20 -
-
-
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်လာနိုင်ဖို့ကြိုးစားနေပေမယ့် မအောင်မြင်သေးဘဲ ငြိမ်းချမ်းရေးဖြစ်စဉ် တိုးတက်မှု နှေးကွေးနေတယ်လို့ NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြောပါတယ်။
NLD ဦးဆောင်တဲ့ အစိုးရလက်ထက် ၂၀၁၆ ခုနှစ်အတွင်း တိုင်းပြည်ရဲ့ ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ စိန်ခေါ်မှုတွေ အကြောင်း RFA က မေးမြန်းရာမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း က ပြော တာဖြစ်ပါတယ်။
"အထူးသဖြင့်တော့ တိုးတက်မှုမရသေးတာကတော့ ငြိမ်းချမ်းရေးပဲ၊ ကျနော်တို့ နိုင်ငံအတွက် ကျနော်တို့ ပြည်သူလူထုအတွက် အရေးအကြီးဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးက တိုးတက်မှုနှေးနေပါတယ်။ မရှိဘူးလို့တော့ မပြောဘူး၊ နှေးနေပါတယ်။ ငြိမ်းချမ်းရေးက အားလုံးပါဝင်မှ ငြိမ်းချမ်ရေးဖြစ် မှာပါ။ အခုက အားလုံးပါဝင်မှုကို လက်မခံနိုင်ကြသေးလို့ ဒီလိုဖြစ်နေတာပါ"
လက်ရှိ အစိုးရတပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ တိုင်းရင်းသားလက်ကိုင်အဖွဲ့တွေ အပါအဝင် ပါဝင်သင့်ပါဝင်ထိုက်တဲ့ တိုင်းရင်းသားအဖွဲ့အားလုံး နိုင်ငံရေးဆွေးနွေးပွဲမှာ မပါဝင်နိုင်ရင် ငြိမ်းချမ်းရေးဟာ အလှမ်းဝေးနေဦးမှာဖြစ်တယ်လို့ ဦးဉာဏ်ဝင်း က ပြောပါတယ်။
NLD ဦးဆောင်တဲ့ အစိုးရနဲ့ တပ်မတော်ကြားမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်ပြီး ကွာခြားတဲ့အမြင်တွေ ရှိနေပေမယ့် ညှိနှိုင်းပြီး အောင်မြင်အောင် ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
ဒါ့အပြင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်မှာ တပ်မတော်က ၂၅ ရာခိုင်နှုန်း ပါဝင်နေမှု အပါအဝင် ဒီမိုကရေစီစံနှုန်းနဲ့ မကိုက်ညီတဲ့ အချက်တွေကို ပြင်ဆင်ဖို့ ကြိုးစားနေပေမယ့် အောင်မြင်မှုမရသေးကြောင်းနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို မပြင်နိုင်ဘူးဆိုရင် ငြိမ်းချမ်းရေးရဖို့ မဖြစ်နိုင်ဘူးလို့ ယူဆကြောင်းလည်း ပြောပါတယ်။