နေပြည်တော်၊ ဟားခါးနဲ့ ကိုကိုးကျွန်းမှာ NLD မဲဆွယ်ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရ
နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နယ်တွေမှာ စက်တင်ဘာ ၁ဝ ရက်နေ့က စိုက်ထူထားခဲ့တဲ့ NLD ပါတီ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် မနေ့ညက ဖျက်ဆီးခံလိုက်ရပါတယ်။
-
သက်စုအောင်
2020-09-11 -
-
-
နေပြည်တော် ဇေယျာသီရိမဲဆန္ဒနယ်၊ ရန်ကုန်တိုင်းဒေသကြီး ကိုကိုးကျွန်းမြို့နယ်နဲ့ ချင်းပြည်နယ်မြောက်ပိုင်း ဟားခါးမြို့နယ်တွေမှာ စက်တင်ဘာ ၁ဝ ရက်နေ့က စိုက်ထူထားခဲ့တဲ့ NLD ပါတီ မဲဆွယ်စည်းရုံးရေး ဆိုင်းဘုတ် မနေ့ညက ဖျက်ဆီးခံလိုက်ရပါတယ်။
နေပြည်တော် ဇေယျာသီရိမြို့နယ် သစ်တပ်အုပ်စု ကြို့ပင်ရွာမှာ ထောင်ထားတဲ့ NLD ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်၊ ဒီနေ့ စက်တင်ဘာလ (၁၁) ရက် မနက် (၁) နာရီ ဝန်းကျင်လောက်က ဖျက်ဆီးခံလိုက်ရတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက၊ နေပြည်တော် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁၂) ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေက ပြောပါတယ်။
“ထောင်တာက ၈ ရက်နေ့ ထောင်လိုက်တယ်၊ မနေ့ညက ညတစ်နာရီလောက်မှာ ဆုတ်ဖြဲခံလိုက်ရတယ်၊ ကျတော်တို့ကလည်း ရွေးကောက်ပွဲ ဥပဒေအရ ဒါက ကျတော်တို့ နှစ်ယောက်ရဲ့ ဆိုင်းဘုတ်တင်မကဘူး ပါတီရဲ့ အောင်လံကို ဖျက်စီးတာ၊ ဒီဆိုင်းဘုတ်နဲ့ပတ်သက်ပြီး ဘာဆက်ဆောင်ရွက်မလဲ ဆိုတဲ့အခါကြတော့ ကျတော်တို့ ကိုယ်တိုင်လည်း မတရားမလုပ်ဘူး၊ ကျတော်တို့ကို မတရားလုပ်လာရင်လည်း ဥပဒေအရ ဆက်လက်ရင်ဆိုင်မယ် ရွေးကောက်ပွဲ ဥပဒေရှိတယ်၊ နောက်တစ်ခါ ဒီအချိန်က ညမထွက်ရ အမိန့်ထုတ်ထားတဲ့ အချိန်ဖြစ်တဲ့အတွက် ဒီရွာကလူကလွဲရင် အပြင်ဘယ်သူမှ မလုပ်ရဲဘူး၊ ဒီဆိုင်းဘုတ်က အဲဒီလူကို စုံစမ်းရမယ့်အပိုင်းကတော့ သက်ဆိုင်ရာအပိုင်းပါ၊ ကျတော်တို့က အချက်အလက်တွေ အပြည့်ပေးမယ်၊ ရဲစခန်းမှာအမှုဖွင့်မယ် အဲလိုတွေ ဆက်လုပ်သွားပါမယ်”
ဇေယျာသီရိမဲဆန္ဒနယ်မှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာမိုးဆွေ နဲ့ မဲဆန္ဒနယ် အမှတ် ၁၂ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမောင်မောင်ဆွေတို့ ရုပ်ပုံပါတဲ့နေရာ တွေမှာ ဆုတ်ဖြဲခံထားရတာဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ထံ အကြောင်းကြားပြီး၊ ရဲစခန်းကို အမှုဖွင့်တိုင်ကြားသွားမယ်လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
ဆုတ်ဖြဲခံလိုက်ရတဲ့ NLD ကိုယ်စားလှယ်လောင်း ဆိုင်းဘုတ်ကို မဲဆွယ်ခွင့်ရတဲ့ စက်တင်ဘာလ ၈ ရက်နေ့ကမှ စိုက်ထူထားခဲ့တာဖြစ်ပါတယ်။
ဆိုင်းဘုတ်စိုက်ထူမယ့်အိမ်ကို လက်မခံဖို့ ကျေးရွာသားတချို့က ခြိမ်းခြောက်ပြောဆိုခဲ့တဲ့အတွက် မူလအိမ်ရှင်က ဆိုင်းဘုတ်ကို လက်မခံရဲတော့တာကြောင့်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကို အကြောင်းကြားပြီး ကျေးရွာအုပ်ချုပ်ရေး မှူးရဲ့ တူတော်စပ်သူရဲ့အိမ်မှာ အိမ်ရှင်ဘောတူညီချက်နဲ့ ရွှေ့ပြောင်းထောင်ခဲ့တာဖြစ်တယ်လို့ ဦးမောင်မောင် ဆွေက RFA ကို ပြောပါတယ်။
ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ အဖွဲ့ဝင် ဦးမိုးဇော်ကတော့ ဒီကိစ္စကို ကော်မရှင်ဆီ အကြောင်းကြားလာတာမျိုးတော့ မရှိသေးကြောင်းနဲ့ ဒီကိစ္စဟာ ရဲရေးပိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် ကာယကံရှင် တွေက ရဲစခန်းကို တိုက်ရိုက်အမှုဖွင့် ဆောင်ရွက်နိုင်တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ ပြည်ထောင်စုနယ်မြေ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှာ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တိုင်တန်းလာတဲ့ အမှုတစ်ခုမှ မရှိသေးဘူးလို့ လည်း ဦးမိုးဇော်က ရှင်းပြပါတယ်။
“အဲဒါက ကျတော်တို့နဲ့ မဆိုင်ဘူးပေါ့နော်၊ ရဲ မှုခင်းနဲ့ပဲ ဆိုင်ပါတယ်။ ဖျက်ဆီးခံရတယ်ဆိုရင် ဖျက်ဆီးခံရတဲ့ တစ်ယောက်ယောက်ကနေပြီး ဘယ်သူတွေကလာပြီး ဖျက်ဆီးပါတယ်ဆိုပြီး တိုင်လို့ရပါတယ်၊ အဲနားမှာ အဲလိုဖြစ်သွားတယ်လို့ ဆိုရှယ်မီဒီယာ တက်နေတာပဲရှိတယ်၊ ကျတော်တို့ဆီကို အဲလိုဖြစ်သွားပါတယ်လို့ သတင်းပေးတာတို့ တိုင်တန်းတာတို့ မရှိသေးပါဘူး”
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ အခုလို NLD ကိုယ်စားလှယ်လောင်းဆိုင်းဘုတ် ဖျက်ဆီးခံရတာဟာ ပထမဆုံးဖြစ်ပြီး၊ ပြီးခဲ့တဲ့၂၀၁၅ ရွေးကောက်ပွဲတုန်းကလည်း ဇေယျာသီရိမြို့နယ်မှာ ခုလိုဖြစ်စဉ်တွေ ရှိခဲ့တယ်လို့ လက်ရှိ လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
ပြည်ထောင်စုနယ်မြေ နေပြည်တော်မှာ မြို့နယ် (၈) ခုရှိပြီး၊ အဲဒီအထဲမှာ ဇေယျာသီရိမြို့နယ်ဟာ တပ်မတော်သား မိသားစုဝင်တွေနဲ့ တပ်မတော်ရုံးတွေ အခြေစိုက်ရာမြို့နယ်ဖြစ်ပါတယ်။
ဇေယျာသီရိမြို့နယ်ဟာ၊ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရခဲ့တဲ့ နေရာဖြစ်သလို ယှဉ်ပြိုင်မှု ပြင်းထန်ခဲ့တဲ့ မဲဆန္ဒနယ်တစ်ခုလည်း ဖြစ်ပါတယ်။ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာတော့ အဲဒီမဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဌေး ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
အလားတူပဲ ကိုးကိုးကျွန်းမြို့နယ်မှာ တင်ထားတဲ့ NLD အောင်နိုင်ရေး မဲဆွယ်ဆိုင်းဘုတ် ခြောက်ခုအနက် လေးခု အဖျက်ဆီးခံရတယ်လို့ သိရပါတယ်။ ကိုကိုးကျွန်းမြို့နယ်ဟာ ၂ဝ၁ဝ နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲတွေမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကိုယ်စားလှယ်တွေ အနိုင်ရခဲ့တဲ့ မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။
အလားတူပဲ ချင်းပြည်နယ် ဟားခါးမြို့နယ်က NLD ကိုယ်စားလှယ်လောင်းတွေရဲ့ မဲဆွယ်ဆိုင်းဘုတ်တွေကို မနေ့ညက လာရောက်ဖျက်ဆီးတာတွေရှိခဲ့ပြီး ကိုယ်စားလှယ်လောင်းတွေရဲ့ ပုံတွေ ပျက်စီးခဲ့ရပါတယ်။
ဟားခါးမြို့နယ်မှာ NLD ပါတီက အမျိုးသားလွှတ်တော် နှစ်ဦး၊ ပြည်သူ့လွှတ်တော် တစ်ဦး နဲ့ ပြည်နယ်လွှတ်တော် နှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။