ခန္တီးခရိုင်မှ NLD ပါတီဝင် ၃၇၀ ကျော် နှုတ်ထွက်စာ တင်သွင်း
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်း က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၃၇၀ ကျော်တို့ဟာ ပါတီကနေ နှုတ်ထွက်ဖို့ မနေ့က စာတင်လိုက်ကြကြောင်း ပြောပါတယ်။
-
2015-08-09 -
-
-
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးခရိုင်အတွင်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင် ၃၇၀ ကျော်တို့ဟာ ပါတီကနေ နှုတ်ထွက်ဖို့ မနေ့က စာတင်လိုက် ကြကြောင်း ပြောပါတယ်။
နာဂစာပေနဲ့ ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဦးရှူမောင်ကို NLD ဗဟိုက ပြည်သူ့ လွှတ်တော်ကနေ ဝင်ရောက် ယှဉ်ပြိုင်ခွင့်မပေးတာကြောင့် ခရိုင်အဖွဲ့ဝင်တွေက ပါတီဝင်တွေက နှုတ်ထွက်ခဲ့ကြတာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခန္တီးခရိုင်ဥက္ကဌ ဒေါ်ဆယ်ဆယ်နောင်က ပြောပါတယ်။
"ဦးရှုမောင်ကို ပြည်သူ့လွှတ်တော်မရလို့ဆိုပြီးလိုက်ထွက်တာပါရှင့်၊ ၃၇၅ ယောက်ပါရှင့်၊ ဗဟိုကိုတင်ထားပါတယ်၊ ဒီ ၃၀၀ ကျော်က ပုဂ္ဂိုလ်တစ်ယောက် အတွက်နဲ့ နေရာမရလို့ ဆိုပြီးနှုတ်ထွက်ကြတာပါရှင့်၊ ကျမတို့ကတော့အဲ့လိုမဟုတ်ပါဘူး၊ နေရာအတွက်က ပထမလား၊ အဖွဲ့ချုပ်တွက်က ပထမလား"
ဦးရှုမောင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကနေ ခန္တီးမြို့နယ်ပြည်သူ့လွှတ်တော် နေရာကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်တင်သွင်းခဲ့ပေမယ့်၊ အမျိုးသား လွှတ်တော် နေရာကို ခန္တီးနဲ့ဟုမ္မလင်းမြို့နယ်တွေကနေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ NLD ဗဟိုက တာဝန်ပေးခဲ့ပါတယ်။
အဲဒီလို တာဝန်ပေးတာကို လက်မခံနိုင်တာကြောင့် ဦးရှုမောင်ဟာ ပါတီ ကနေ ပြီးခဲ့တဲ့ သြဂုတ်လဆန်းပိုင်းက နှုတ်ထွက်စာတင်ခဲ့ပြီးနောက် ပါတီဝင်တွေဖြစ် ကြတဲ့ နာဂ တိုင်းရင်းသားတွေက အခုလို နှုတ်ထွက်ကြတာဖြစ်ပါတယ်။
ဦးရှုမောင်ဟာ လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် လျှောက်လွှာတင်ချိန်ကမှသာ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှာ ပါတီဝင် ဖြစ်ခဲ့တာပါ။ ခန္တီးခရိုင်အတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဝင်ပေါင်း ၆၀၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။