NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီဖျက်သိမ်း

အဲဒီပါတီ ၄ဝ ဟာ ရွေးကောက်ပွဲကော်မရှင်မှာ ရက်ပေါင်း ၆ဝအတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ကြေညာခဲ့တာပါ။

၂ဝ၂ဝ ပြည့်နှစ် ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း နေပြည်တော်တွင် NLD ပါတီ ဝန်းရံသူများအား လက်ပြနှုတ်ဆက်နေသည့် NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ AFP

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကော်မရှင်မှာ ပြန်လည်မှတ်ပုံမတင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် နိုင်ငံရေးပါတီ ၄ဝ ကို ဖျက်သိမ်းကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်နေ့ညမှာ ကြေညာလိုက်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)၊ လားဟူအမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကယန်းအမျိုးသားပါတီ၊ တအောင်း (ပလောင်) အမျိုးသားပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ကမန်အမျိုးသားတိုးတက်ရေးပါတီ၊ အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီ၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊ အရှိုချင်းအမျိုးသားပါတီ၊ ဗမာပြည်သူ့ပါတီ စတဲ့ ပါတီတွေကို မတ်လ ၂၉ ရက်နေ့ကစပြီး နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းလိုက်တာပါ။

အဲဒီပါတီ ၄ဝ ဟာ စစ်ကောင်စီက အသစ်ပြဋ္ဌာန်းလိုက်တဲ့ ဥပဒေနဲ့ နည်းဥပဒေတွေအရ ရွေးကောက်ပွဲကော်မရှင်မှာ ရက်ပေါင်း ၆ဝအတွင်း နိုင်ငံရေးပါတီအဖြစ် ပြန်လည်မှတ်ပုံမတင်တဲ့အတွက် ဖျက်သိမ်းလိုက်တာလို့ စစ်ကောင်စီပိုင် သတင်းမီဒီယာတွေက ကြေညာခဲ့တာပါ။

၂ဝ၂ဝ ပြည့်နှစ် အောက်တိုဘာ ၄ ရက်နေ့က လားရှိုးမြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် - SNLD ပါတီကို ထောက်ခံသူများ မဲဆွယ်စည်းရုံးနေစဉ်။ (Photo: RFA)

တည်ဆဲနိုင်ငံရေးပါတီ ၉ဝ ထဲက ပါတီ ၅ဝ ကတော့ စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ ပြန်ပြီးမှတ်ပုံတင်ထားပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၊ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရခိုင့်ဦးဆောင်ပါတီ၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မွန်ညီညွတ်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၊ လူ့ဘောင်သစ်ပါတီ၊ ပြည်သူ့ပါတီ၊ ကချင်ပြည်နယ် ပြည်သူ့ပါတီ၊ ဇိုမီးဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ၊ ကရင်ပြည်သူ့ပါတီ စတဲ့ပါတီတွေက ပြန်ပြီး မှတ်ပုံတင်တဲ့အတွက် စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရကြမှာဖြစ်ပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာ နိုင်ငံရေးပါတီသစ်အဖြစ် တည်ထောင်ခွင့်လျှောက်ထားတဲ့ ပါတီကတော့ ၁၃ ပါတီ ရှိနေပါတယ်။ ပါတီတည်ထောင်ခွင့် လျှောက်ထားလိုသူတွေ ဆက်ပြီး လျှောက်ထားခွင့်ရှိမယ်လို့ ဆိုပါတယ်။ မတ်လ ၂၈ ရက်နေ့အထိ ရွေးကောက်ပွဲကော်မရှင်မှာ ပါတီမှတ်ပုံတင်ခွင့်၊ တည်ထောင်ခွင့် လျှောက်ထားတဲ့ပါတီ ၆၃ ပါတီ ရှိနေပြီဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေပေမယ့် ကျင်းပမယ့်နေ့ရက်ကိုတော့ အတိအကျ ကြေညာတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org