ဒေါ်အောင်ဆန်းစုကြည်မွေးနေ့အကြို ဈေးပွဲတော်ကျင်းပဖို့ ပြင်ဆင်

နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီးနောက် ပထမဆုံးအကြိမ် ကျင်းပမယ့် ဒေါ်အောင်ဆန်းစုကြည် ရဲ့ (၆၆) နှစ်မြောက်မွေးနေ့ အခမ်းအနားအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်- အမျိုးသမီးအဖွဲ့က ဈေးပွဲတော် ကျင်းပဖို့ ပြင်ဆင်နေသလို ကဗျာဆရာ ၈ဝ ကျော်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့ ကဗျာစာအုပ် ထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

ဗဟို အမျိုးသမီးအဖွဲ့ရဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး NLD အလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါက်တာမေဝင်းမြင့်က …

“ရန်ကုန်တိုင်းမှာရှိတဲ့ အကျဉ်းကျ မိသားစုတွေရဲ့သားသမီးတွေကို ထောက်ပံ့ကြေး ပေးမယ်။ နောက် အဲဒီနေ့မှာပဲ ဒေါ်အောင်ဆန်းစုကြည် ပြင်ဆင်ပေးထားတဲ့ ချင်း မိဘမဲ့ဂေဟာကို သွားပြီး ဆန်၊ စားစရာ၊ ဗလာစာအုပ်၊ ဆေးဝါးတွေ ပံပိုးဖို့ အစီအစဉ် ရှိပါတယ်။ နောက် ဈေးပွဲတော်က ၁၆ ရက်နေ့မှ စမယ်။ အခမ်းအနားနေ့ကျရင် တခန်းရပ်ပြဇာတ်တွေ ပါမယ်”

ဈေးပွဲတော်က ရလာတဲ့ ရန်ပုံငွေတွေကို လူမှု အထောက်အကူပြု လုပ်ငန်းတွေအတွက် သုံးစွဲမှာ ဖြစ်တယ်လို့ ဒေါက်တာမေဝင်းမြင့်က ပြောပါတယ်။ အလားတူ ဂီတပွဲတော်ကိုလည်း NLD ရဲ့ ရွှေဂုံတိုင် ဌာနချုပ်မှာ ဆက်လက်ကျင်းပနေပြီး ပြိုင်ပွဲမှာ ဆုရရှိသူတွေကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဇွန်လ ၁၉ ရက်နေ့မှာ ချီးမြှင့်မယ်လို့ သိရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြု စပ်ဆိုထားတဲ့ ကဗျာစာအုပ် ထုတ်ဝေမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး စာအုပ် ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် ကဗျာဆရာ အောင်ရှင်(မုံရွာ) က …

“နံပါတ်တစ် ရည်ရွယ်ချက်ကတော့ ဒေါ်စုမွေးနေ့အတွက် ဂုဏ်ပြုတဲ့ ရည်ရွယ်ချက်ပါပဲ။ နောက် ရည်ရွယ်ချက်ကတော့ ဒေါ်စု ဦးဆောင်တဲ့ ဒီမိုကရေစီ အရေးတော်ပုံအတွက် ထပ်ပြီးတော့ ဂုဏ်ပြုတဲ့၊ ရည်ရွယ်ချက်ပါပဲ။ ၆၆ နှစ် ဆိုတဲ့ ရည်ရွယ်ချက်တော့ မှန်တယ်။ ဒါပေမယ့် ပေးလာတဲ့ ကဗျာတွေက ကောင်းနေတော့ ကျနော်တို့ကလည်း ရွေးဖို့ ခက်တယ်။ အခုတော့ ၆၆။ ထပ်များချင်လည်း များသွားမှာပေါ့ဗျာ။ နောက်ပြီးတော့ ရေးတဲ့ ကဗျာဆရာတွေကလည်း လက်ရှိ မဂ္ဂဇင်းတွေမှာ ရေးနေတဲ့ ကဗျာဆရာတွေချည်းဗျ။ အဲဒီတော့ သူတို့ကိုလည်း အသိအမှတ် ပြုပြီးတော့ အသုံးပြုရမှာပေါ့”

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၆ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ကဗျာဆရာ ၆၆ ယောက်ရဲ့ ကဗျာ ၆၆ ပုဒ်သာ ရေးသားထုတ်ဝေဖို့ ရည်ရွယ်ခဲ့ပေမယ့် ပါဝင် ရေးသားလိုသူတွေ များလာတာကြောင့် ကဗျာဆရာ ၈ဝ ကျော် ဖြစ်သွားတယ်လို့ သိရပါတယ်။

ကဗျာစာအုပ်နာမည်က “လူထုအိုးဝေ ကဗျာများ” ဖြစ်ပြီး “၆၆ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဂုဏ်ပြုတဲ့ ကဗျာများ” ဆိုတဲ့ နာမည်နဲ့ ကန့်သတ် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စာပေ နှစ်သက်မြတ်နိုးသူ တယောက်အဖြစ်နဲ့ရော၊ နိုင်ငံရေးခေါင်းဆောင် တယောက်အဖြစ်နဲ့ပါ လက်ခံ လေးစားသောအားဖြင့် ဒီကဗျာစာအုပ်ကို ကြိုးစား ထုတ်ခဲ့တာလို့ ဆရာအောင်ရှင်(မုံရွာ) က ပြောပါတယ်။

“အခုနောက်ပိုင်းမှာ စာပေနဲ့ ပတ်သက်လို့ ကဗျာဆရာ ကွန်ရက်၊ ပန်းချီဆရာ ကွန်ရက်တွေ၊ အနုပညာကွန်ရက် ကလေးတွေ ရှိတယ်လေ။ ဒါ ဒေါ်အောင်ဆန်းစုကြည်က ဒီလို ကွန်ရက်ကလေးတွေ လုပ်ပြီးတော့ နိုင်ငံရေးအတွက် အထောက်အကူ ဖြစ်အောင်ပေါ့။ ဗမာပြည်ရဲ့ ဒီမိုကရေစီအရေးတော်ပုံမှာ စာပေသမားတွေ ကဗျာဆရာတွေလည်း တတပ်တအား ပါရမှာကိုး။ အဲဒါကြောင့် ကျနော်တို့ ဒါအတွက် လုပ်တဲ့သဘောပါပဲ”

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org