ဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို မှတ်ပုံတင်မယ့် NLD ပါတီခေါင်းဆောင်တွေ အဖြစ် ရွေးချယ်
ပြန်လည် မှတ်ပုံတင်မယ့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေ အဖြစ် ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို NLD ဗဟို အလုပ်အမှုဆောင် ကော်မတီက ရွေးကောက် တင်မြှောက်လိုက် ပါတယ်။
-
2011-12-19 -
-
-
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျင်းပသော အမျိုးသား အောင်ပွဲနေ့ အခမ်းအနားသို့ တက်ရောက်နေသည့် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ဝဲ)၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် (အလယ်) နှင့် ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင် (ယာ) တို့ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)
ဒီကနေ့ မနက် ၁၀ နာရီက ကျင်းပတဲ့ NLD ပါတီ ပြန်မှတ်ပုံတင်ဖို့ ရွေးကောက်ပွဲ ကော်မရှင်ကို အဆိုပြု လျှောက်ထားခဲ့သူ ၂၁ ဦးရဲ့အစည်းအဝေးမှာ ခေါင်းဆောင် ၂ ဦးကို အခုလို ရွေးချယ် တင်မြှောက်ခဲ့တာလို့ ပြန်ကြားရေး တာဝန်ခံ ဦးအုံးကြိုင်က ပြောဆိုပါတယ်။
ပါတီ ခေါင်းဆောင်နဲ့ ဒုတိယ ခေါင်းဆောင်တွေ ဆိုတာဟာ ဥပဒေအရ လိုအပ်တဲ့ ပါတီ မှတ်ပုံတင်ဖို့ ဆန္ဒပြုသူ ၂၁ ဦးရဲ့ခေါင်းဆောင်တွေ ဖြစ်တယ်လို့သာ အဓိပ္ပာယ်ရပြီး ပါတီ ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရာထူးတွေ ကိုတော့ မှတ်ပုံတင်ပြီးမှ ရွေးမယ်လို့လည်း ဦးအုံးကြိုင်က ပြောပါတယ်။
အဲဒီအစည်းအဝေးမှာပဲ ပါတီ စာအုပ်စာတမ်းနဲ့ စာစောင်တွေ ထုတ်ဝေနိုင်အောင် ထုတ်ဝေခွင့် မှတ်ပုံတင် နံပါတ် လျှောက်ထားဖို့လည်း ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။