NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် အဖမ်းခံရ

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်းမှာ ရန်ကုန်မြို့ ရတနာနှင်းဆီ ကွန်ဒိုအိမ်ရာမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဦးဖြိုးဇေယျာသော်နဲ့ ပုံမှန် အဆက်အသွယ်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။

NLD ပါတီ ရဲ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သော ဦးဖြိုးဇေယျာသော်။ Photo: Pyithu Hluttaw

NLD ပါတီ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖြိုးဇေယျာသော်ကို နိုဝင်ဘာလ ၁၈ ရက် နေ့လယ်ပိုင်း မှာ ရန်ကုန်မြို့ ရတနာနှင်းဆီ ကွန်ဒိုအိမ်ရာမှာ စစ်ကောင်စီက ဖမ်းဆီးလိုက်တယ်လို့ ဦးဖြိုးဇေယျာသော်နဲ့ ပုံမှန်အဆက်အသွယ်ရှိသူတွေက အတည်ပြုပြောဆိုပါတယ်။ သူနဲ့ အတူဖမ်းဆီးခံရသူ နှစ်ဦးရှိတယ်လို့ ပြည်တွင်းသတင်းတချို့မှာ ဖော်ပြပါတယ်။

ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးချိန်မှာ မျက်နှာဖုံးစွပ်ပြီး ခေါ်ဆောင်သွားတာဖြစ်ပြီး ဘယ်ကို ဖမ်းသွားတယ် ဆိုတာ မသိရဘူးလို့ မျက်မြင်တွေ့ရှိသူတွေက ပြောကြောင်း သတင်းတွေမှာ ဖော်ပြပါတယ်။

ဦးဖြိုးဇေယျာသော်ကို ဖမ်းဆီးတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီက အတည်ပြုသတင်းထုတ်ပြန်ထားတာ မရှိပေမဲ့ နိုဝင်ဘာလ ၁၇ ရက်နေ့ကတော့ ရန်ကုန်မြို့ သံလျင်တံတား၊ မြောက်ဥက္ကလာတံတား၊ ထန်းတပင် မြို့နယ်နဲ့ ကြည့်မြင်တိုင်မြို့နယ် ဗားကရာမီးပွိုင့် စတဲ့နေရာတွေမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ကို တိုက်ခိုက်ခဲ့တဲ့ လူငယ်အမျိုးသား ၄၀ နဲ့ အမျိုးသမီး ၇ ဦးကို လက်နက်တွေနဲ့အတူ ဖမ်းမိခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဖမ်းဆီးရမိတဲ့ လူငယ်တွေဟာ ရန်ကုန်မြို့အတွင်း ဧရိယာအလိုက် တိုက်ခိုက်မှုတွေလုပ်ဖို့ လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်နဲ့ ချိတ်ဆက် ဆောင်ရွက်ရတယ်လို့လည်း ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org