ကိုယ်စားလှယ်လောင်းတွေ ဖမ်းဆီးခံရမှု NLD ပြစ်တင်ရှုတ်ချ
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း သုံးဦးကို လက်နက်ကိုင်တချို့ မနေ့က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ AA အဖွဲ့ ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ မသိသေးဘူးလို့ ပြောပါတယ်။
-
ခင်မောင်စိုး
2020-10-14 -
-
-
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ကို လက်နက်ကိုင်တချို့ မနေ့က ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ AA အဖွဲ့ပြောခွင့်ရသူကတော့ ဒီလိုဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တစုံတရာ မသိသေးဘူးလို့ ပြောပါတယ်။
တောင်ကုတ်မြို့နယ် ဖောင်ခါးကျွန်းမှာ စည်းရုံးရေးဆင်းနေတဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်နီနီနေမြင့်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ချစ်ချစ်ချောနဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးမင်းအောင်တို့ကို လက်နက်ကိုင်အဖွဲ့တခုက အောက်တိုဘာလ ၁၄ ရက် မနေ့နေ့လည်ပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင် က ဒီလုပ်ရပ်ကို ပြစ်တင်ကန့်ကွက်လိုက်ပြီး ဖမ်းဆီးသွားတဲ့ အဖွဲ့အစည်းအနေနဲ့ သူတို့ကိုယ်စားလှယ်တွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုတယ်လို့ RFA ကို မနေ့ညက ပြောပါတယ်။
“ကျနော်တို့ ကိုယ်စားလှယ်တွေကို ဒီလိုလက်နက်ကိုင်ပြီး ဖမ်းသွားတာကို အကြမ်းဖက်လုပ်ရပ်လို့. ကျနော်တို့ သဘောထားတယ်။ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှု ပုဒ်မ ၅၈ အရ ရွေးကောက်မှုဆိုင်ရာအခွင့်အရေးကို လွတ်လပ်စွာ မကျင့်သုံးစေရန် လွှတ်တော်ကိုယ်စားလှယ်လောင်းတဦးကိုဖြစ်စေ၊ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူတဦးဦးကိုဖြစ်စေ ခြိမ်းခြောက်ခြင်းဟာ ဥပဒေမြောက်တာပေါ့ဗျာ။ နောက်တခုက လူမျိုးရေးကိုဖြစ်စေ ဘာသာရေးကိုဖြစ်စေ အကြောင်းပြုပြီး ဆန္ဒမဲပေးရန်သော်လည်းကောင်း၊ ဆန္ဒမဲ မပေးရန်သော်လည်းကောင်း ပြောဆိုခြင်း ၊ ဟောပြောခြင်း၊ ကြေညာချက်ထုတ်ခြင်း သို့မဟုတ် အဲဒီလိုပြုလုပ်ရန် အားပေးလှုံ့ဆော်ခြင်းတွေပါတယ်။ ဒါတွေက ရွေးကောက်ပွဲနဲ့ ပတ်သက်လာတဲ့အခါ လာမယ့် ရွေးကောက်ပွဲအတွက် ခြိမ်းခြောက်မှုတခုလို ဖြစ်နေတယ်။ ဒီလုပ်ရပ်အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကန့်ကွက်တယ်။ ဒီလူတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”
အခုလို ဖမ်းဆီးခေါ်ဆောင်သွားသူတွေဟာ AA အဖွဲ့က ဖြစ်တယ်လို့ ပြောဆိုချက်တချို့ ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး AA အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ကို မနေ့ညနေပိုင်းက ဆက်သွယ်မေးမြန်းရာမှာ ...
“ ကျနော့်ဆီကိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးဘာမှ သတင်းရောက်လာတာ မရှိသေးဘူး” လို့ ဖြေကြားပါတယ်။
အဓိက အတိုက်အခံပါတီဖြစ်တဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့်က ဖမ်းဆီးခံရသူတွေအတွက် စိုးရိမ်စာနာကြောင်း ပြောဆိုရင်း အစိုးရအနေနဲ့ ထိရောက်စွာ အရေးယူဖို့လိုတယ်လို့ ဝေဖန်လိုက်ပါတယ်။
“သူတို့အတွက် ကျနော်တို့ စိတ်ပူတယ်။ စိုးရိမ်တယ်။ ကိုယ်ချင်းလည်းစာတယ်။ ဒီလို ကိုယ်စားလှယ်လောင်းတွေ ဖမ်းဆီးခံရတယ်ဆိုတာ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးကို ဒါ စိန်ခေါ်လာတာပဲ။ တာဝန်ရှိ အစိုးရအနေနဲ့ ဒီ ကိစ္စအပေါ်မှာ ပြတ်ပြတ်သားသား ဖော်ထုတ်အရေးယူ ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ မြင်တယ်။ ဒီလိုဆောင်ရွက်ခဲ့တဲ့ အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေကိုလည်း ကျနော်တို့က ရှုတ်ချတယ်။”
ရခိုင်အမျိုးသားပါတီ ANP ဗဟိုဦးဆောင်ကော်မတီဝင် ဦးဖေသန်းကတော့ ဒီကိစ္စနဲ့ ဆက်နွယ်ပြီး ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်မယ့် မဲဆန္ဒနယ်တွေ တိုးလာမှာကို စိုးရိမ်တယ်လို့ သုံးသပ် ပြောဆိုပါတယ်။
“တောင်ကုတ်ဆိုတာက ဒီဘက်က စစ်ဖြစ်နေတဲ့ ဒေသတွေနဲ့ဝေးတယ်။ ဝေးတော့ တည်ငြိမ်တဲ့ ရွေးကောက်ပွဲဒေသတခု ဖြစ်နိုင်မယ်လို့ ကျနော်တို့ ယူဆထားတဲ့နေရာမှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦး ဖမ်းဆီးခံရတယ်ဆိုတော့၊ ဖမ်းတဲ့အဖွဲ့က လောလောဆယ်ပြန်မလွှတ်ပေးဘူးဆိုရင် လာမယ့် ရွေးကောက်ပွဲက အဲဒီမြို့နယ်မှာ (မလုပ်ဖြစ်ဖို့ )cancel ဖြစ်ဖို့များတယ်။ သူတို့က နဂိုကတည်းက ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ မလုပ်နိုင်ဖို့ အခြေအနေရှိတယ်။ အဲဒါကို ကြေညာမယ်လို့ ပြောထားတာရှိတယ်။ ဒါပေမဲ့ ဒီနေ့ထက်ထိ မကြေညာသေးဘူး။ အဲဒီကြားထဲမှာ ဒါတွေဖြစ်လာတာဆိုတော့ မလုပ်ဖြစ်တဲ့မြို့နယ်တွေ ပိုတိုးလာစရာ အကြောင်းရှိတာပေါ့ဗျာ။ ဘယ်သူမှားတယ် ဘယ်သူမှန်တယ် မပြောလိုဘူး။ ဒါပေမယ့် ဒီကိစ္စ ဖြစ်သွားတဲ့အတွက် ကျနော်တို့ ရွေးကောက်ပွဲကို ထိခိုက်နိုင်တယ်။ ဒါကောင်းတဲ့အလားအလာမဟုတ်ဘူးလို့ ပြောချင်ပါတယ်။”
အခုလို NLD လွှတ်တော်ကိုယ်စားလှယ်လောင်း ၃ ဦးကို ဖမ်းဆီးသွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အခုအချိန်အထိ ဘယ်အဖွဲ့အစည်းကမှ သူတို့လုပ်ရပ်ဖြစ်တယ်လို့ ထုတ်ဖော်ကြေညာခြင်း မရှိသေးပါဘူး။