စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောစကား NLD ပြောခွင့်ရပုဂ္ဂိုလ် ပြန်လည် ချေပ
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ မြန်မာ အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ချေရှိပါတယ်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ပြောလိုက်ပါတယ်။
-
2018-10-02 -
-
-
ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာစုံစမ်းရေးအဖွဲ့အနေနဲ့ မြန်မာ အစိုးရနဲ့ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် ဖြစ်နိုင်ချေရှိပါတယ်လို့ အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီနေ့ပြောလိုက်ပါတယ်။
လွတ်လပ်တဲ့နိုင်ငံတကာ စုံစမ်းရေးကော်မရှင်ကို အပြည့်အဝ လုပ်ပိုင်ခွင့်ပြုပြီး ရခိုင်အရေးကိစ္စကို တာဝန်ယူဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီးတွေက ကုလသမဂ္ဂအထွေထွေ ညီလာခံ ပြင်ပအစည်းအဝေးမှာ မြန်မာကို တိုက်တွန်းလိုက်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာမျိုးညွန့်က RFA ကို အခုလိုပြောတာပါ။
အကြမ်းဖက်မှုတွေ ကျူးလွန်ထားတယ်လို့ နိုင်ငံတကာကစွပ်စွဲထားတာကို သူတို့အနေနဲ့ အထူးစိုးရိမ် ပူပန်တယ်လို့ စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန်းက ထုတ်ဖော် ပြောဆိုသလို၊ လွတ်လပ်တဲ့ နိုင်ငံတကာစုံစမ်းရေးကော်မရှင်ကို အပြည့်အဝ လုပ်ပိုင်ခွင့်ပြုပြီး တာဝန်ယူဖြေရှင်းဖို့ တိုက်တွန်းခဲ့ပါတယ်။
အဲဒီအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းကဖြစ်ရပ်ဟာ သဘာဝဘေးဒဏ်ကြောင့်မဟုတ်ဘဲ လူကြောင့်ဖြစ်ရတဲ့ ဒုက္ခသည်တွေဆိုပြီး စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးကသုံးနှုန်းပြောဆိုတာကိုတော့ အငြင်းပွားစရာ မရှိပေမယ့်၊ ဘယ်သူ့ကြောင့်လဲဆိုတာတော့ ဒေါက်တာမျိုးညွန့်က မေးခွန်းထုတ်လိုက်ပါတယ်။
ဒါ့အပြင် ထွက်ပြေးသွားသူတွေပြန်ပြီး လက်ခံဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ သဘောတူထားတာ ၁ဝ လလောက် ရှိနေပေမယ့်၊ အခုချိန်ထိ အကောင်အထည်မပေါ်သေးဘူလို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာနဲ့ စင်္ကာပူ နိုင်ငံခြားရေးဝန်ကြီးတို့ ထောက်ပြတာနဲ့ ပတ်သက်လို့လဲ၊ ဒုက္ခသည်တွေပြန် မလာတာဟာ ခုချိန်ထိ ပြန်လာမယ့်သူစာရင်း မရသေးတဲ့အတွက် ဒီကိစ္စဟာ မြန်မာနဲ့မဆိုင်ဘဲ ဘင်္ဂလားဒေ့ရှ်ဘက်နဲ့ပဲ သက်ဆိုင်တယ်လို့လဲ ဒေါက်တာမျိုးညွန်ွှက တုံ့ပြန်ပြောဆို လိုက်ပါတယ်။
စင်္ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်က - မြန်မာအစိုးရအနေနဲ့ လုပ်နိုင်တာမှန်သမျှကို အမှန်ကန်ဆုံး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ပြောသလို၊ ဒီပြသနာကို အချိန်မီ မဖြေရှင်းနိုင်ရင် အရှေ့တောင်အာရှ ဒေသတွင်းမှာ အကြမ်းဖက်ဝါဒ ပျံ့နှံ့ သွားနိုင်ချေ ရှိတယ်လို့လည်း ပြောပါတယ်။