အနာကြီး ရောဂါသည်တွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လှူဒါန်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီးအဖွဲ့နဲ့ ဒီမိုကရေစီကွန်ရက် အဖွဲ့တို့က ရန်ကုန်တိုင်း မရမ်းချောင်ရွာ က အနာကြီးရောဂါ ဝေဒနာသည်တွေ ကို စားသောက်ဖွယ် မုန့်ပဲသရေစာ၊ အဝတ် အထည်နဲ့ ထမင်းတနပ်စာ ဒီနေ့ သွားရောက်လှူဒါန်း ကြတယ်လို့ သတင်းရရှိပါတယ်။
-
2011-08-02 -
-
-
၂၀၁၀ ခုနှစ် နွေရာသီတွင် သောက်ရေ ပြတ်လပ်ပြီး ဒုက္ခရောက်နေသော ပြည်သူများအတွက် ရေလှူဒါန်းမည့်သူများ မေလ ၁၃ ရက်နေ့က ပဲခူးမြို့သို့ ထရပ်ကားဖြင့် ရောက်ရှိလာသည်ကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: RFA)
(Photo: RFA)
ဒီနေ့ အလှူကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆန္ဒအရ ဆောင်ရွက်တာလို့ သွားရောက် လှူဒါန်းရာမှာ ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသား ကိုဖြိုးမင်းသိန်းက ပြောပါတယ်။
“မုန့်တွေ အဝတ်အစားတွေ သွားရောက် လှူဒါန်းတယ်ပေါ့ဗျာ။ တနေ့ကို ဟင်းချက်ကျွေးမယ် ဆိုရင် တနပ်စာကို ၃ သောင်းကျတယ်။ ဒီအစီအစဉ်နဲ့ ပတ်သက်ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟို အမျိုးသမီး အဖွဲ့က ဒေါ်မေဝင်းမြင့် ဦးဆောင်ပြီး လုပ်တာပေါ့။ ကျနော်တို့ ဒီမိုကရေစီကွန်ရက်က ဝိုင်းဝန်း ကူညီပေးတာပေါ့ဗျာ။ ဒီနေ့ အင်္ဂါနေ့လည်း ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့လည်း ဖြစ်တော့ ဒေါ်အောင်ဆန်းစုကြည်က အနာကြီးရောဂါသည်တွေကို ကူညီချင်တာပေါ့ဗျာ”
စားသောက်ကုန်လုပ်ငန်း ကုမ္ပဏီပိုင်ရှင် တချို့က ဈေးကွက်ထဲက သက်တမ်းရက် မကုန်ဆုံးခင် စားသောက်စရာ ကုန်ပစ္စည်းတွေကို ဆင်းရဲချို့တဲ့သူတွေ ဝေငှဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကနေ တဆင့် လှူဒါန်း ထားပါတယ်။ အဲဒီ ပစ္စည်းတွေကို NLD အဖွဲ့ ချုပ်ဝင် လူငယ်တွေက ဈေးတွေကနေ သွားယူပြီး မိဘမဲ့ ကလေးဂေဟာတွေ၊ ပရဟိတ ကျောင်းတွေ၊ ဒုက္ခရောက်နေသူတွေ ကို နေ့စဉ်နီးပါး တပတ်ကို ၆ ရက်၊ လိုက်ဝေပေး ကြပါတယ်။
အဲဒီ အစီအစဉ်အရ ဒီနေ့မှာ မရမ်းချောင်ရွာကို သွားလှူတာပါ။ NLD ပါတီဝင် လူငယ်တွေက ဈေးတွေကနေ သွားယူပြီး ချို့တဲ့သူတွေကို လိုက်ပေးတဲ့အခါ နေ့စဉ် အလုပ်တခု ဖြစ်တဲ့အတွက် သယ်ယူ ပို့ဆောင်ခ အခက်အခဲ ရှိကြတယ်လို့ သိရပါတယ်။
ဒါပေမဲ့ ပါတီရဲ့ လူမှုရေးလုပ်ငန်းတခု ဖြစ်တဲ့အတွက် မဖြစ်ဖြစ်အောင် ဆောင်ရွက်နေကြတယ်လို့ အဲဒီ လုပ်ငန်းစဉ်မှာ ပါဝင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။