အာဇာနည်နေ့ အခမ်းအနား ကျကျနန ကျင်းပရန် NLD စီစဉ်

လာမယ့် ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်မယ့် ၆၄ နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ခမ်းခမ်းနားနားကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

မြန်မာ့ တပ်မတော်ကို တည်ထောင်ခဲ့သူ လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို လန်ဒန်မြို့ အခမ်းအနားတခုတွင် တွေ့မြင်ရစဉ် မှတ်တမ်းပုံဖြစ်ပါသည်။ (Photo: AFP) AFP

အစီအစဉ်တခုအဖြစ် အမျိုးသား ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွ ကျဆုံးသွားတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုတဲ့အနေနဲ့ နံရံကပ် စာစောင် ထုတ်ဝေဖို့ ရှိတဲ့အတွက် အာဇာနည်နေ့နဲ့ ပတ်သက်တဲ့ စာမူတွေ ပေးပို့ကြဖို့ တိုင်းနဲ့ ပြည်နယ် NLD အဖွဲ့တွေကို ဒီနေ့ အကြောင်းကြားလိုက်ပြီလို့ ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။

"စာမူပို့လိုသူများ နယ်ကဆိုရင် ဇူလိုင်လ ၁၄ ရက် အရောက်ပေါ့။ ရန်ကုန်က ဆိုရင်တော့ ၁၇ ရက်နေ့ကို အရောက် ဆောင်းပါးတို့ ကဗျာတို့ ဝတ္ထုတို တို့ ပို့ပေးနိုင်ပါတယ်။

ရန်ကုန်မှာ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားကို အရင်က နိုင်ငံတော် အဆင့်ကျင်းပလာခဲ့ပြီး နောက်ပိုင်းမှာ ဝန်ကြီးအဆင့်၊ တိုင်း အဆင့် စသဖြင့် အဆင့်လျှော့ပြီး ကျင်းပလာပါတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင် မြန်မာအာဏာပိုင်တွေက လုပ်နေတဲ့ အတွက် မျိုးဆက်သစ် လူငယ်တွေဟာ အာဇာနည် ခေါင်းဆောင်ကြီးတွေအကြောင်း ထဲထဲဝင်ဝင် သိရှိမယ့် အခွင့်အလမ်း နည်းပါးလာတယ်လို့ ဝေဘန်မှုတွေ ရှိပါတယ်။

၂၀၀၃ ဒီပဲရင်း လုပ်ကြံမှု နောက်ပိုင်း နေအိမ် အကျယ်ချုပ် ကျခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း အခုကျင်းပမယ့်မယ့် အာဇာနည်နေ့ အခမ်းအနားဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်ပြီးတဲ့နောက် ပထမဆုံး တက်ရောက်မယ့် အခမ်းအနား ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မနှစ်က နိုဝင်ဘာလမှာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး လူငယ်တွေရဲ့ စွမ်းရည်မြှင့်တင်ဖို့ နည်းမျိုးစုံနဲ့ ကြိုးပမ်းနေသူလည်း ဖြစ်ပါတယ်။

ဒီ လူငယ်ဖွံ့ဖြိုးရေး အစီအစဉ်တခု အဖြစ် NLD ရုံးချုပ်မှာ လူငယ် ကွန်ပျူတာ သင်တန်း အမှတ်စဉ် ၂ ဖွင့်ပွဲကို ဒီမနက်ပိုင်းမှာ ကျင်းပကြောင်း၊ နှစ်လကြာပို့ချမယ့် ဒီသင်တန်းကို လူငယ် ၂၉ ဦး တက်ရောက်နေကြောင်းလည်း ဦးအုန်းကြိုင်က ပြောပါတယ်၊၊

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org