လွတ်လာသော နိုင်ငံရေး အကျဉ်းသားများ ကူညီရေး NLD စီစဉ်ဆောင်ရွက်

ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက ကျန်းမာရေး ထိခိုက်လာသူတွေကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆေးကုသဖို့ ဆောင်ရွက်ပေးနေတယ်လို့ သတင်းရရှိပါတယ်။

အစိုးရသစ်၏ လွတ်ငြိမ်းသက်သာခွင့် အမိန့်အရ မေလ ၁၇ ရက်တွင် အင်းစိန် ဗဟိုအကျဉ်းထောင်မှ လွှတ်ပေးလိုက်သော အကျဉ်းသားများ ဖြစ်ပါသည်။ (Photo: AFP) Photo: AFP

ဒါ့အပြင် မြန်မာပြည် မြောက်ဖျား ပူတာအိုထောင်ကနေ မိမိတို့ နေအိမ်ကို ပြန်နိုင်အောင် သက်ဆိုင်ရာက စီစဉ်မပေးတဲ့အတွက် အိမ်ပြန်ဖို့ ခက်နေတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အတွက်လည်း NLD က လမ်းစရိတ် ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်ဦးက အခုလို ပြောပါတယ်။

“အကျဉ်းသားများ အားလုံးပေါ့နော်၊ တသောင်းကျော်ကျော် လွှတ်တဲ့အထဲမှာ ကျွန်တော်တို့ ဒီမိုကရေစီ အင်အားစုက ၄၇ ယောက်ပဲ ပါတယ်။ NLD က ၂၀ ကျော်လေးပဲ ရှိတယ် ပြောတယ်။ လွတ်လာတဲ့လူ အားလုံးက ရုံးကို လာကြတယ်ဗျ။ သူတို့ အကုန်လုံး ကျွန်တော်တို့ တွေ့လိုက်တယ်။ သူတို့က ကျန်းမာရေး အသင့်အတင့် ကောင်းတဲ့လူလည်း ပါတယ်၊ တချို့လည်း ကျန်းမာရေး ဆိုးဆိုးဝါးဝါးလည်း ပါတယ်။”

“အဲဒါတွေကို ကျွန်တော်တို့က ဒီ အဖွဲ့ချုပ်က ဆေးမှူးကနေ စစ်ဆေးပြီးတော့ ဆေးပေးတာ လုပ်တယ်။ နောက်ပြီးတော့ ဟို ဆေးရုံကို သွားဖို့ဟာအတွက် ကျွန်တော်တို့ အရင် စီစဉ်ထားတဲ့၊ ဆက်သွယ်ထားတဲ့ ဆေးရုံတို့ ဘာတို့ သွားနိုင်ဖို့ဟာအတွက် အဲဒါတွေ မနက်က တမနက်လုံး စီစဉ်နေကြတယ်။ နောက်ပြီးတော့ အဲဒီ အနည်းဆုံးတော့ တသောင်းခန့်စီ ပေးနိုင်တယ်ပေါ့ဗျာ။”

“နောက်ပြီးတော့ ပူတာအို လိုက်ဖို့ ကလေးနဲ့ ပတ်သက်တာကိုလည်း စရိတ်စက မရှိတာကိုလည်း မနက်ဖြန်ကျရင် ကျွန်တော် သူတို့ လိုက်နိုင်အောင် စီစဉ်ပေးမယ်ဗျား။”

ပူတာအိုထောင်က လွတ်ပြီး ပြန်စရိတ်မရှိလို့ အခက်အခဲဖြစ်နေသူတွေနဲ့ ပတ်သက်လို့ NLD ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းကလည်း ခုလို ပြောပြပါတယ်။

“ပူတာအိုက အမျိုးသား နှစ်ဦး၊ အမျိုးသမီး တဦး၊ နိုင်ငံရေး အကျဉ်းသားတွေ၊ သူတို့ သုံးယောက် လွတ်လာတဲ့အထဲမှာ ဦးတင်ဝင်းဆိုတာ သူတို့က အခု ပူတာအို မြို့ထဲမှာ အဲ ပိုက်ဆံလည်း မရှိဘူး၊ ခရီးစရိတ်လည်း မရှိဘူး။”

“ဦးတင်ဝင်း မိသားစုကတော့ ငွေပို့နိုင်တယ်လို့ ကျွန်တော်တို့ သိရတယ်။ ကျန်တဲ့ နှစ်ဦး ဦးရဲမြင့်က ဘုန်းကြီးကျောင်းမှာ ခဏနေရတယ်။ မသန္တာကတော့ church တခုမှာ ခဏနေတယ်။ အဲဒီ အခက်အခဲကို ကျွန်တော်တို့ကို လာတင်ပြတယ်။ အဲ ဒီအမိန့်အရ လွှတ်တယ်၊ အိမ်မပြန်နိုင်တဲ့လူ အဲဒီလို နှစ်ယောက် တွေ့နေတယ်။ သူတို့က ဘယ်လိုပဲဖြစ်ဖြစ် ကူညီရမှာပေါ့လေ။ အိမ်ကို မပြန်နိုင်တဲ့ ထောင်က လွတ်လာတဲ့ နိုင်ငံရေး အကျဉ်းသားတယောက်ကို ဒီတိုင်းတော့ ကျွန်တော်တို့ ပစ်ထားလို့ မရဘူးပေါ့။”

နိုင်ငံရေးအကျဉ်းသားတွေကို NLD က ပုံမှန်ထောက်ပံ့နေတဲ့ အကူအညီ ရ မရ၊ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မေးကြည့်တဲ့အခါ အမြဲရတယ်လို့ ပြောဆိုကြကြောင်း ဦးတင်ဦးက ပြောပါတယ်။

မနက်ဖြန်မှာတော့ နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်တဲ့ အခြေအနေ အစစ်အမှန်နဲ့ လက်ရှိ အကျဉ်းထောင်တွေရဲ့ အခြေအနေတွေကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအဖွဲ့ (ICRC) ကို ရှင်းပြမဲ့ အစီအစဉ် ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org