နယ်စပ်အရေး ဆွေးနွေးအဖြေရှာဘို့ NLD တိုက်တွန်း
ပြည်တွင်းစစ်မီး တောက်လောင်နေတဲ့ ကချင် ပြည်နယ်၊ ရှမ်း ပြည်နယ်နဲ့ကရင် ပြည်နယ်မှာ သက်ဆိုင်သူ အားလုံး ပါဝင် ဆွေးနွေးပြီး ငြိမ်းချမ်းရေး ပြန်လည် တည်ဆောက်ဖို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဒီကနေ့ ကြေညာချက် ထုတ်ပြီး တိုက်တွန်းလိုက် ပါတယ်။
-
2011-06-20 -
-
-
ကချင်ပြည်နယ်အတွင်း အစိုးရတပ်ရဲ့ ထိုးစစ်ကြောင့် တရုတ်-မြန်မာနယ်စပ်မြို့ ဖြစ်တဲ့ လိုင်ဇာကို ထွက်ပြေးခိုလှုံလာတဲ့ ကချင် တိုင်းရင်းသား ဒေသခံတွေကို ကချင်လူမှုရေးအဖွဲ့က စီစဉ်ပေးထားတဲ့ ခိုလှုံရေး စခန်းတွေမှာ ဇွန်လလယ်ပိုင်းမှာ တွေ့ရပုံ။
KIO
ဒါ့အပြင် ဒီနယ်မြေတွေမှာ အကျိုး စီးပွါး ဖြစ်နေကြသူတွေလည်း ဒေသ ငြိမ်းချမ်းရေး အတွက် ဝိုင်းဝန်း ကူညီကြဖို့ NLD က မေတ္တာ ရပ်ခံ လိုက်ပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က RFA ကို အခုလို ပြောပါတယ်။
"ကျနော်တို့ရဲ့ အခြေခံမူကတော့ မတူကွဲပြားမှုတွေကို တယောက်နဲ့ တယောက် အပြန်အလှန် လေးစားခြင်း၊ တန်းတူ ရည်တူ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို အသိအမှတ်ပြုပြီးတော့ စိတ်စေတနာ မှန်ကန်စွာနဲ့သာ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း ဖြေရှင်းမယ်ဆိုရင် ပြေလည်မယ်လို့ ယုံကြည်ပါတယ်။ ဒါ အဖွဲ့ချုပ်ရဲ့ အခြေခံမူ စတည်ထားကထဲက ဒီအပေါ်မှာ ကျနော်တို့က ရပ်တည်ထားတာပါ။ အခု ပြဿနာတွေကိုလည်း တဦးနဲ့တဦး တဖက်နဲ့ တဖက် မတူကွဲပြားတဲ့ သဘောထားတွေ ရှိနိုင်တာပေါ့။ အဲလို ရှိတာကို တယောက်နဲ့ တယောက် အပြန်အလှန် လေးစားရေး၊ အပြန်အလှန် နားလည်မှုရှိရေးမူကို အခြေခံပြီးတော့ အကုန်လုံး ပြေလည်ဖို့အတွက် စိတ်ရှည် လက်ရှည်နဲ့ ကာယာကံရှင်တွေကိုယ်တိုင်ကလည်း စေ့စပ် ဆွေးနွေးကြပါလို့ တိုက်တွန်းပါတယ်။ နောကပြီးတော့ အကျိုးစီးပွါး ထပ်တူရှိနေတယ်လို့ ယူဆရတဲ့ သက်ဆိုင်သူ အားလုံးကလည်း ဝိုင်းဝန်း ကူညီကြပါလို့ မေတ္တာ ရပ်ခံထားတာ ဖြစ်ပါတယ်။"
မနေ့က ဇွန်လ ၁၉ ရက်နေ့ ညနေမှာ ကျင်းပခဲ့တဲ့ NLD ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်နဲ့ ဒီကြေညာချက်ကို ထုတ်ပြန်လိုက်တာပါ။
ဒီထဲမှာ ကရင် ပြည်နယ်မှာ ဆယ်စုနှစ် များစွာ တောက်လျှောက် ဖြစ်နေတဲ့ စစ်ပွဲတွေကြောင့် အိမ်နီးချင်း ထိုင်းနိုင်ငံကို ထွက်ပြေး ခိုလှုံနေရတဲ့ တိုင်းရင်းသား ပြည်သူတွေရဲ့ ဒုက္ခ၊ အခု တခါ ကချင် ပြည်နယ်က စစ်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို ထွက်ပြေး နေရတဲ့ ပြည်သူတွေရဲ့ ဒုက္ခတွေကို ကြားသိ နေရတဲ့ အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ အလွန် စိတ်မကောင်း ဖြစ်ရတယ်လို့လည်း ဖေါ်ပြထား ပါတယ်။
ဒါကြောင့် ပြည်တွင်းစစ်ဒဏ်ခံနေရတဲ့ပြည်သူတွေရဲ့ဒုက္ခတွေ အမြန်ငြိမ်းချမ်းဖို့တွေ့ဆုံဆွေးနွေး အဖြေရှာဖို့တိုက်တွန်း မေတ္တာရပ်ခံရတာလို့ဖေါ်ပြထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး NLD ဒုဥက္ကဌ ဦးတင်ဦးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
ဆက်သွယ်မေးမြန်းချက်။ |
|
အသံဖိုင်ယူရန်။ |