ပြည်သူ့လုံခြုံရေးအဖွဲ့အတွက် လူစုဆောင်းမပေးဖို့ NMSP-AD သတိပေး

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းရေးမှာ ပါဝင်တဲ့ ဘယ်သူ့ကိုမဆို အရေးယူသွားမယ်လို့ (NMSP-AD) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

NMSP-AD တပ်ဖွဲ့ဝင်များကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁ ရက်နေ့က တွေ့ရစဥ်။ NMSP-AD

စစ်ကောင်စီရဲ့ ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ ဖွဲ့စည်းရေးမှာ ပါဝင်တဲ့ ဘယ်သူ့ကိုမဆို အရေးယူသွားမယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) (NMSP-AD) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။

NMSP-AD ရဲ့ လှုပ်ရှားဒေသတွေမှာရှိတဲ့ အုပ်ချုပ်ရေးအဖွဲ့မှာ ပါသူတွေအနေနဲ့ လူစုဆောင်းပေးတာတွေကိုမလုပ်ဖို့ သတိပေးတာဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေး) အဖွဲ့က ပြောခွင့်ရသူ နိုင်ဗညားမွန်က RFA ကို ပြောပါတယ်။

“ကျွန်တော်တို့ လှုပ်ရှားတဲ့ ဒေသအောက်မှာရှိတဲ့ မြို့နယ်၊ ရွာတွေက အုပ်ချုပ်ရေးအဖွဲ့တွေအနေနဲ့ ဒီလုပ်ငန်းတွေကို အကောင်အထည်မဖော်ဖို့၊ လူမစုပေးဖို့ ပြောတာပါ။ အကောင်အထည် ဖော်မယ်ဆိုရင် ကျွန်တော်တို့ဘက်က အရေးယူမယ်ဆိုတဲ့အချက် ပါပါတယ်”

အင်အားချိနဲ့လာတဲ့ စစ်တပ်မှာ အင်အားထပ်ဖြည့်ဖို့ ရည်ရွယ်ပြီး ဒီအဖွဲ့ကို ဖွဲ့စည်းတာဖြစ်လို့ ပြတ်ပြတ်သားသား ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ကျိုက်မရော၊ ကော့ကရိတ်၊ မုဒုံ၊ သံဖြူဇရပ်၊ ရေး၊ ရေဖြူ အစရှိတဲ့ မြို့နယ်ထဲက ဒေသတချို့ဟာ NMSP-AD ရဲ့ လှုပ်ရှားနယ်မြေ ဖြစ်ပါတယ်။

ဒီအဖွဲ့ကို စစ်ကောင်စီရဲ့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဒုဥက္ကဋ္ဌ နှစ်ဦး၊ အတွင်းရေးမှူး တစ်ဦး၊ အဖွဲ့ဝင် ဆယ်ဦးတို့နဲ့ သြဂုတ်လ ၁၆ ရက်က ဖွဲ့စည်းလိုက်တာပါ။

အဖွဲ့ရဲ့လုပ်ငန်းတာဝန်တွေထဲမှာတော့ နေပြည်တော်အပါအဝင် တိုင်း၊ ပြည်နယ်၊ ခရိုင်နဲ့ မြို့နယ်အဆင့် ကြီးကြပ်ကွပ်ကဲရေးအဖွဲ့တွေ အဆင့်ဆင့်ဖွဲ့စည်းဖို့၊ ရပ်ကွက် ကျေးရွာအဆင့် ပြည်သူ့လုံခြုံရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့တွေ ဖွဲ့စည်းဖို့၊ လက်နက်တပ်ဆင်တာတွေကို ကွပ်ကဲဖို့ အပါအဝင် အချက် ၁၃ ချက် ပါရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org