NCA ထိုး မထိုး မွန်ပြည်သစ်ပါတီ အရေးပေါ် အစည်းအဝေးမှာ ဆုံးဖြတ်မည်
NCA စာချုပ်မှာ လက်မှတ်ရေးထိုးရေးအဆုံးအဖြတ်ပေးနိုင်မယ့် မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ဒီလ ၂၃ ရက်နေ့မှာ ကျင်းပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။
-
2017-11-08 -
-
-
NCA စာချုပ်မှာ လက်မှတ်ရေးထိုးရေး အဆုံးအဖြတ်ပေးနိုင်မယ့် မွန်ပြည်သစ်ပါတီ အရေးပေါ် ဗဟိုကော်မတီ အစည်းအဝေးကို မွန်ပြည်သစ်ပါတီဌာနချုပ်မှာ ဒီလ ၂၃ ရက်နေ့မှာ ကျင်းပြုလုပ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှက ပြောပါတယ်။
ငြိမ်းချမ်းရေးကိစ္စတွေကိုပဲ အဓိကဆွေးနွေးမယ့် အရေးပေါ် ဗဟိုကော်မတီအစည်းအဝေးကို မွန်ပြည်သစ် ဌာနချုပ်မှာကျင်းပမှာဖြစ်ပြီး NCA လက်မှတ်ရေးထိုးမထိုးကို ဆုံးဖြတ်သွားမယ်လို့ မွန်ပြည်သစ်ပါတီ ပြည်တွင်းတာဝန်ခံ နိုင်ဝင်းလှ က ပြောပါတယ်။
"အရေးပေါ်အစည်းအဝေးဆိုတာ ငြိမ်းချမ်းရေးအကြောင်းတစ်ခုတည်းပဲလေ၊ ငြိမ်းချမ်းရေးလမ်းပေါ်မှာ ပါဝင်နိုင်ဖို့ဆိုတာက NCA ထိုးမှဖြစ်မယ်လေ၊ NCA တံခါးကိုဖြတ်ပြီးကျော်ဝင်မှ ငြိမ်းချမ်းရေးလမ်းကြောင်းထဲ ကိုယ်ကပါမှရမှာလေ၊ အဖြေက ဘယ်လိုလာမလဲသိဘူး၊ အဲနေ့ကျမှသိရမှာပေါ့"
မွန်ပြည်သစ်ပါတီက NCA မှာလက်မှတ်ရေးထိုးဖို့အတွက် အချိန် ၃ လအတွင်း ပြန်အကြောင်းပြန်မယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လက ပြည်နယ်ဝန်ကြီးချုပ်နဲ့တွေဆုံပွဲမှာ ပြောကြားခဲ့ပြီး ၃လပြည့်ပေမယ့် တိကျတဲ့အဖြေ မပေးနိုင်သေး ပါဘူး။
ဒီနေ့မှာ မွန်ပြည်နယ်ဝန်ကြီးချုပ်နဲ့ မွန်ပြည်သစ်ပါတီက ထိပ်ပိုင်းခေါင်းဆောင်တချို့တွေဆုံပြီး ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးခဲ့သလို ပြီးခဲ့တဲ့လပိုင်းအတွင်း လက်နက်ကိုင်ဆောင်တာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မွန်ပြည်သစ် ပါတီဝင် ၃ဦးကို ငြိမ်းချမ်းရေးကိုရှေးရှုပြီး ပြန်လွှတ်ပေးဖို့နဲ့ ပြီးခဲ့တဲ့လပိုင်းက မွန်အမျိုးသားနေ့မှာ စစ်ရေးပြ တာကြောင့် တပ်မတော်က သိမ်းယူထားတဲ့ တပ်စခန်းအချို့ကို ပြန်ပေးဖို့ မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့ တာတွေရှိတယ်လို့ ပြောပါတယ်။