မိုင်းထောင်တာတွေကို ရှုတ်ချကြောင်း မွန်ပြည်သစ်ပါတီပြော
မွန်ပြည်သစ်ပါတီနဲ့ ဒေသခံပြည်သူတွေကြား ယုံကြည်မှုကင်းမဲ့အောင် ပြည်သူတွေကို မွန်ပြည်သစ်ပါတီက မိုင်းထောင် တိုက်ခိုက်နေသလို အထင်မှားစေတဲ့ စစ်ရေး နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
-
2018-12-06 -
-
-
မွန်ပြည်သစ်ပါတီက တပ်ဖွဲ့ဝင်တွေ စစ်ရေးပြနေတာကို တွေ့ရစဉ်
မွန်ပြည်သစ်ပါတီနဲ့ ဒေသခံပြည်သူတွေကြား ယုံကြည်မှုကင်းမဲ့အောင် ပြည်သူတွေကို မွန်ပြည်သစ်ပါတီက မိုင်းထောင် တိုက်ခိုက်နေသလို အထင်မှားစေတဲ့ စစ်ရေး နိုင်ငံရေး လုပ်ဆောင်ချက်တွေကို ကန့်ကွက်ကြောင်း မွန်ပြည်သစ်ပါတီ ထားဝယ်ခရိုင်က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုက မွန်ပြည်သစ်ပါတီအပေါ် ပြည်သူတွေ ယုံကြည်မှုကျဆင်းအောင် ရည်ရွယ်ချက် ရှိရှိနဲ့ ဒေသခံတွေ မနေနိုင်အောင် လူသွားလမ်းနဲ့ ခြံတွေမှာ မိုင်းထောင်တိုက်ခိုက်တာတွေကို ကန့်ကွက်ရှုတ်ချတယ် လို့ ဒီဇင်ဘာလ ၄ ရက်နေ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒေသခံတွေ အသက်အိုးအိမ် လုံခြုံမှုရှိစေရေးအတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးပမ်းဆောင် ရွက်မယ်လို့လည်း ပါရှိပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလကနေ နိုဝင်ဘာလအတွင်းမှာ မိုင်းကွဲတာကြောင့် မွန်ပြည်သစ်ပါတီ တပ်သားတစ်ဦးနဲ့ အရပ်သား ၃ ဦး ဒဏ်ရာရှိခဲ့ပါတယ်။
ဒီမိုင်းကွဲတဲ့နေရာတွေဟာ မွန်ပြည်သစ်ပါတီနဲ့ KNU တပ်ဖွဲ့တွေကြား နယ်မြေအငြင်းပွားတာကြောင့် မကြာခဏ တိုက်ပွဲဖြစ်ပွားတဲ့ ဒေသတွေ ဖြစ်ပါတယ်။
အဲဒီကြေညာချက်နဲ့ ပတ်သက်လို့ ဒေသတွင်း အငြင်းပွားနေတဲ့ KNU အဖွဲ့က တစ်စုံတစ်ရာ တုံ့ပြန်ပြောကြား တာတော့ မရှိသေးပါဘူး။
ဒီသတင်းကို RFA သတင်းထောက် ကိုကျော်လွင်ဦး ပေးပို့လိုက်တာပါ။