တိုင်းရင်းသားဒေသမှာ မိခင်ဘာသာနဲ့ သင်ကြားရေး NNER တိုက်တွန်း


2014.02.03
nner-305.jpg ရန်ကုန်တိုင်း၊ အင်းစိန်မြို့ မြန်မာနိုင်ငံ ခရစ်ယာန်ကျမ်းစာများ အသင်းမှာ ဇန်နဝါရီလ ၅ ရက်နေ့က ပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် NNER သတင်းစာရှင်းလင်းပွဲ ကျင်းပစဉ်
Photo: RFA

တိုင်းရင်းသားဒေသတွေမှာ အခြေခံပညာ သင်ကြားတဲ့ အခါ မိခင်တိုင်းရင်းသား ဘာသာစကားကိုအခြေခံပြီး တခြားဘာသာရပ်တွေကို သင်ကြားဖို့ နိုင်ငံလုံးဆိုင်ရာ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးကွန်ရက် NNER ဆွေးနွေးပွဲက ဆုံးဖြတ်လိုက်ပါတယ်။

ဇန်နဝါရီလ ၃၁ရက်နေ့နဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့အထိ ရန်ကုန်မြို့၊ ခဝဲခြံမျက်မမြင်ကျောင်းမှာ ၂ ရက်ကြာကျင်းပတဲ့ NNER ဆွေးနွေးပွဲကနေ ရရှိလာတဲ့ရလာဒ်တွေကို ဒီနေ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ပြောကြားခဲ့ တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ သက်ဆိုင်ရာ တိုင်းရင်းသားဘာသာစကားတွေနဲ့ သင်ကြားခွင့်ပေးလိုက်ရင် ကျောင်းနှုတ်ထွက်တဲ့ အရေအတွက်တွေ နည်းသွားမယ်လို့ ဒေါက်တာသိန်းလွင်က RFA ကို ပြောပါတယ်။

“ကျနော်တို့နိုင်ငံမှာနေထိုင်တဲ့ ကရင်၊ ကချင်၊ ချင်း စသဖြင့် တိုင်းရင်းသားကလေးတွေဟာ သူတို့မကျွမ်းကျင်တဲ့ ဗမာစာနဲ့ သင်ရတဲ့အခါကျတော့ ပညာသင်ဖို့ရာ အခက်အခဲဖြစ်တယ်၊ သင်္ချာတို့ သိပ္ပံတို့ဆို ဘာမှနားမလည်းဘူး၊ ဒီ seminar ကနေ မိခင်ဘာသာစကားကို အခြေပြုပြီးတော့ တခြားဘာသာစကားတွေကို သင်ကြားတဲ့နည်းစနစ် ရလာဒ်ထွက်တယ်၊ သူတို့ကျွမ်းကျင်တဲ့ ဘာသာစကားနဲ့ သင်လိုက်ရင် တခြားဘာသာစကားတွေကို နားလည်မယ်၊ အကျိုးရှိတာက သူတို့ဘာသာစကားနဲ့ သင်လို့ရတဲ့အတွက် ကလေးတွေက ကျောင်းထွက်တဲ့နှုန်းတွေ နည်းလာတယ်၊ စဉ်းစားတွေကးခေါ်မှုမှာ ပိုမြင့်လာတယ်”

အဲ့ဒီသုံးသပ်ချက်ကို အစိုးရအပြင် ပညာရေးဆိုင်ရာအ ဖွဲ့အစည်းတွေနဲ့ ပြည်သူတွေသိရှိအောင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ရှင်းပြသွားမယ်လို့ သိရပါတယ်။

NNER ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း၊ တက္ကသိုလ်ဆရာ ဆရာမများအသင်း၊ ကျောင်းသားသမဂ္ဂများ၊ တိုင်းရင်းသားစာပေနဲ့ ယဉ်ကျေးမှုစတဲ့ အဖွဲ့အစည်းတွေနဲ့ စုပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။