ရခိုင်မှာ ရွေးကောက်ပွဲ မကျင်းပတာဟာ ANP ကိုဖြိုခွင်းရာ ရောက်တယ်လို့ ပါတီထုတ်ပြန်
ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ် အပါအဝင် ကျန်မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ရခိုင်အမျိုးသားပါတီကို ဖြိုခွင်းလိုက်သလို ဖြစ်နေတယ်လို့ ANP ပါတီက မနေ့က စာထုတ်ပြန်ပြောလိုက်ပါတယ်။
-
2020-11-02 -
-
-
ရခိုင်ပြည်နယ်က မြို့နယ် ကိုးမြို့နယ် အပါအဝင် ကျန်မြို့နယ်တွေက ရပ်ကွက်နဲ့ ကျေးရွာအုပ်စုတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ ရခိုင်အမျိုးသား ပါတီကို ဖြိုခွင်းလိုက်သလို ဖြစ်နေတယ်လို့ ANP ပါတီက မနေ့က စာထုတ်ပြန်ပြောလိုက်ပါတယ်။
ရခိုင်ပြည်နယ်မှာ NLD ပါတီရွေးကောက်ပွဲ အောင်နိုင်ချေရှိတဲ့နေရာတွေမှာသာ ရွေးကောက်ပွဲ ကျင်းပသလို ဖြစ်နေပြီး ဒါဟာ ပြည်ထောင်စုလွှတ်တော်မှာ NLD ပါတီက ကိုယ်စားလှယ်လောင်း အများအပြားပါရှိရေး ဆောင်ရွက်သလိုဖြစ်နေတယ်လို့ ANP ပါတီရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးဖေသန်းက ပြောပါတယ်။
ရခိုင်ပြည်သူသို့ ပန်ကြားချက်ဆိုပြီး နိုဝင်ဘာလ ၁ ရက်နေ့ ရက်စွဲနဲ့ ANP က ထုတ်ပြန်တဲ့စာမှာ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ နိုင်ငံသားအရေးနဲ့ လူ့အခွင့်အရေးကို ရိုက်ချိုးသလိုဖြစ်တယ်လို့လည်း ပြစ်တင်ပြောဆို ထားပါတယ်။
ရခိုင်ပြည်နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပဘူးလို့ ဆုံးဖြတ်လိုက်တဲ့ နေရာတွေဟာ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ ANP ပါတီရွေးကောက်ပွဲ အောင်နိုင်ခဲ့တဲ့နေရာတွေ ဖြစ်ပါတယ်။
မြို့နယ်လုံးကျွတ်ရွေးကောက်ပွဲ မကျင်းပတဲ့ မြို့နယ်တွေက ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေ ဖြစ်ပါတယ်။
ဒီနေရာတွေမှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်ချေ မရှိတာကြောင့် ရွေးကောက်ပွဲ မကျင်းပတာလို့ ကော်မရှင်က ပြောထားပါတယ်။
ရွေးကောက်ပွဲ ပယ်ဖျက်ဖို့ ဆုံးဖြတ်လိုက်တာဟာ ကော်မရှင်တစ်ခုတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ်ခဲ့တာ မဟုတ်ဘဲ အစိုးရဘက်က အုပ်ချုပ်ရေးအဖွဲ့တွေ၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနတို့နဲ့ သက်ဆိုင်ရာ မြို့နယ်ရပ်ကျေး ကော်မရှင်အဖွဲ့ခွဲတွေရဲ့ သဘောထား မှတ်ချက်တွေအပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ခဲ့တာလို့ ကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က အောက်တိုဘာ ၂၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။
ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့အတွက် ပြည်ထောင်စု လွှတ်တော်မှာ ကိုယ်စားလှယ်လောင်း ၁၆ ဦး၊ ပြည်နယ်လွှတ်တော်မှာ ၂၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခွင့် ဆုံးရှုံးသွားတယ်လို့ ANP ပါတီရဲ့ ဗဟိုဦးဆောင် ကော်မတီဝင် ဦးဖေသန်း ကပြောပါတယ်။
ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့ အရေအတွက်က လွှတ်တော်အသီးသီးအတွက် ၂၆ဦးသာ ကျန်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ မဲပေးခွင့်ရှိသူ ၁၆ သိန်းကျော်ရှိပြီး ရွေးကောက်ပွဲ ဖျက်သိမ်းလိုက်တဲ့ နေရာတွေကြောင့် မဲပေးခွင့်ဆုံးရှုံးသွားသူဟာ ၁၂ သိန်းကျော်ရှိနေပါတယ်။
------------
(၂၀၂၀ ရွေးကောက်ပွဲဝင်မယ့် အထင်ကရ နိုင်ငံရေးပါတီတွေ၊ ရွေးကောက်ပွဲအကြောင်း သိကောင်းစရာ အချက် အလက်တွေနဲ့၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းပေးပို့ချက်တွေ၊ ဗီဒီယိုတွေ၊ တွေ့ဆုံမေးမြန်းချက်တွေကို RFA ရွေးကောက်ပွဲအထူးအစီအစဉ် စာမျက်နှာမှာ တစုတစည်းတည်း လေ့လာကြည့်ရှုနိုင်ပါတယ်။)