ထွန်တုံးတိုက်ပွဲ ကူညီပေးသူတွေ အာမခံမရ
ပဲခူးတိုင်းအနောက်ပိုင်း နတ်တလင်းမြို့မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲကြတဲ့ တောင်သူတွေ ကို အကူအညီပေးတဲ့အတွက် ဖမ်းဆီးခံ ထားရတဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦးကို ဒီကနေ့ အမှုရုံးချိန်းမှာ အာမခံမပေးဘူးလို့ သိရပါတယ်။
-
2013-07-09 -
-
-
ပဲခူးတိုင်းအနောက်ပိုင်း နတ်တလင်းမြို့မှာ ထွန်တုံးတိုက်ပွဲဆင်နွှဲကြတဲ့ တောင်သူတွေကို အကူအညီပေးတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ ပြည်သူ့အကျိုးဆောင်ကွန်ရက်အဖွဲ့ဝင် ၃ ဦးကို ဒီကနေ့ အမှုရုံးချိန်းမှာ အာမခံမပေးဘူးလို့ သိရပါတယ်။
ဒီအမှုဟာ အာမခံမပေးနိုင်တဲ့အမှုဖြစ်ပေမယ့် ခံဝန်လက်မှတ်ထိုးပြီး အာမခံပေးဖို့ လျှောက်ထားတာကို ဒီကနေ့တရားရုံးက ပယ်ချလိုက်တာလို့ အမှုကိုကူညီပေးနေတဲ့ ရှေ့နေ ဦးအောင်သိန်းက RFA ကို ပြောပါတယ်။
" အမှုအသွားအလာအရ သူတို့တရားစစွဲတင်စဉ်ကိုက ဥပဒေနဲ့ မညီညွှတ်ဘူးလို့ပဲ ကျနော့်ဘက်က ပြောချင်ပါတယ်၊ ဒီလိုအခြေအနေမျိုးမှာ ဒီအမှုသည်များဟာ ထွက်ပြေးတိမ်းရှောင်သွားမှာလည်း မဟုတ်တဲ့အတွက်ကြောင့်သူတို့ကိုယ်တိုင်ခံဝန်တဲ့ အာမခံပေးဖို့သင့်ပါတယ်လို့ ကျနော်တို့ဘက်က ပြန်လျှောက်ပါတယ်၊ ရုံးတော်ကတော့ အာမခံပေးလို့မရတဲ့ ပုဒ်မဖြစ်နေတဲ့အတွက် အာမခံမရဘူးလို့ ဒီနေ့အမိန့်ချပါတယ်"
နတ္တလင်းမြို့က ကိုသန့်ဇင်ထက်၊ မိတ္ထီလာက ဒေါ်မြင့်မြင့်အေးနဲ့ ဒေါ်ခင်မိမိခိုင်တို့ကို သင်းဖွဲ့ဥပဒေပုဒ်မ- ၆ နဲ့ တရားစွဲထားတာဖြစ်ပြီး နတ်တလင်းက ကိုသန့်ဇင်ထက်တစ်ဦးတည်းကို ပုဒ်မ -၁၈နဲ့ ထပ်မံတရားစွဲထားတာဖြစ်ပါတယ်။
အဲ့ဒီ ၃ ဦးကို ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက်နေ့မှာ နတ်တလင်းမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး ဒီကနေ့အမှုရုံးချိန်းဟာ တတိယအကြိမ်မြောက် ဖြစ်ပါတယ်။ ဒီနေ့အမှုရုံးချိန်းကို တောင်သူ ၃ဝဝ လောက် လာရောက်အားပေးနားထောင်ခဲ့တယ်လို့ သိရပါတယ်။