ရိုဟင်ဂျာ ဝေါဟာရ မသုံးဖို့ တရားဝင်ပြောဆိုခြင်းမရှိ

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ အထောက်အကူမဖြစ်တာမို့ ဒီအသုံးနှုန်းကိုရှောင်ရှားပေး ဖို့ နိုင်ငံတကာက သံတမန်တွေနဲ့တွေ့ဆုံ တိုင်း မေတ္တာရပ်ခံတာတွေရှိတယ် လို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုး က ပြောပါတယ်။

အမေရိကန်သံရုံးရဲ့ ထုတ်ပြန်ကြေညာချက်မှာ ရိုဟင်ဂျာလို့ သုံးနှုန်းခဲ့တာကြောင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ လူ ၃၀၀ နီးပါးဟာ ရန်ကုန်မြို့ အမေရိကန်သံရုံးရှေ့မှာ ဧပြီလ ၂၈ ရက်နေ့က ကန့်ကွက်ဆန္ဒပြစဉ် Photo: Kyaw Zaw Win/RFA

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းဟာ အထောက်အကူမဖြစ်တာမို့ ဒီအသုံးနှုန်းကိုရှောင်ရှားပေးဖို့ နိုင်ငံတကာက သံတမန်တွေနဲ့တွေ့ဆုံတိုင်း မေတ္တာရပ်ခံတာတွေရှိတယ်လို့  နိုင်ငံခြားရေးဝန်ကြီးဌာန၊ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သဘောထားကို သံရုံးတွေကို နှုတ်နဲ့အသိပေးတာတွေရှိပေမယ့် တရားဝင် စာပေးပို့တာမရှိဘူးလို့ သတင်းထုတ်ပြန်ရေးအဖွဲ့ အတွင်းရေးမှူး ဒေါ်အေးအေးစိုးက RFA ကို ပြောပါတယ်။

"ဒီအသုံးအနှုန်းနဲ့ ပတ်သက်လို့ရှိရင် စာတွေထုတ်တာလည်း မဟုတ်ဘူး၊ ဖုန်းနဲ့ဆက်ပြီးတော့လည်း ထပြီး ကန့်ကွက်တာလည်းမဟုတ်ဘူး၊ အစ်မတို့မှာ တွေ့လည်းတွေ့တိုင်း အမေရိကန်သံရုံးမှမဟုတ်ဘူး၊ ဘယ်သူနဲ့မဆိုတွေ့လို့ ဒီကိစ္စပြောတာ၊ စကားသုံးတာမျိုးဆိုလို့ရှိရင် မဟုတ်ပါဘူး ဒီကိစ္စလေးကိုရှောင် သုံးပေးပါ၊ ကျမတို့က ဒါပြဿနာလည်းဖြစ်နေတဲ့ ခေါင်းစဉ်ပါ၊ ဒီလိုတပ်တာလည်း ပြဿနာဖြေရှင်းရေးကို ကျမတို့အမြင်အရတော့ ဒီဟာလုံးဝအထောက်အကူ မပြုတဲ့အပြင်တောင် ဒါကအခြေအနေ ပိုဆိုးသွားနိုင် တယ်ဆိုတော့ အဲ့ဒါမျိုးလေးတော့ ရှောင်ထားပေးပါဆိုပြီး မေတ္တာရပ်ခံပြီးတော့ ကြုံတိုင်းကြုံတိုင်းပေါ့ ဘယ်သံတမန်နဲ့ကြုံကြုံ အစ်မတို့က အဲ့ဒီလိုရပ်တည်ပြီးပြောနေတာပါ"

တဆက်တည်းမှာပဲ အမေရိကန်အစိုးရက ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတာကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ကန့်ကွက်လို့မရကြောင်းနဲ့ အမေရိကန်အစိုးရရဲ့ မူဝါဒသဘောအတိုင်းသာ ခေါ်ဝေါ်သုံးစွဲခွင့်ရှိကြောင်း ပြော ပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ရိုဟင်ဂျာလို့ ခေါ်ဝေါ်သုံးစွဲနေတာကို ရှောင်ရှားပြီး တခြားနည်းလမ်းနဲ့ ပြဿနာဖြေ ရှင်းရေးကို ကူညီဆောင်ရွက်ပေးမယ်ဆိုရင် နှစ်နိုင်ငံကြားဆက်ဆံရေးက ပိုမိုကောင်းမွန် နိုင်တယ် လို့ ပြောပါတယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့နား သဲချောင်းဒုက္ခသည်စခန်းအနီးမှာ လှေမှောက်ခဲ့တဲ့အတွက် သေဆုံးသွားသူ ရိုဟင်ဂျာတွေအတွက် စိတ်မကောင်းဖြစ်မိကြောင်း အမေရိကန်သံရုံးက ပြီးခဲ့တဲ့ ဧပြီလ ၂ဝ ရက်နေ့ က ကြေညာချက်ထုတ်ပြန်ခဲ့တာကြောင့် မျိုးချစ်ရဟန်းတော်များသမဂ္ဂနဲ့ လူပုဂ္ဂိုလ် ၃ဝဝ နီးပါးက အမေရိကန်သံရုံးရှေ့ကို ပြီးခဲ့တဲ့ဧပြီလ ၂၈ ရက်နေ့က သွားရောက် ဆန္ဒပြခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org