ငြိမ်းချမ်းရေး မရဘဲ ဖွံ့ဖြိုးရေး မဖြစ်နိုင်
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း ငြိမ်းချမ်းရေးမရှိရင် နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်နိုင်မှာ မဟုတ်ကြောင်း၊ ပြည်တွင်း ငြိမ်းချမ်းရေး အတွက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်မှာဖြစ်ကြောင်း ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မနောကွင်းမှာ ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
-
2012-02-24 -
-
-
၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်က မြစ်ကြီးနားမြို့ မနောကွင်းရှိ မဂျွယ်ခန်းမတွင် ပြုလုပ်သည့် ညစာစားပွဲ၌ ကချင်ခေါင်းဆောင်များ၏ လက်ဆောင်ပစ္စည်းကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်ခံနေစဉ်။
Photos courtesy of NLD
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုဆိုတာ စားပွဲမှာထိုင်ပြီး စကားပြောကြရုံနဲ့ မရနိုင်ဘဲ ဘယ်လိုနည်းနဲ့ ပြောကြမယ်၊ ဘယ်လိုမူတွေနဲ့ ပြောကြမယ်၊
ဘယ်လို အပေးအယူလုပ်ကြမယ် ဆိုတဲ့အချက်တွေ အင်မတန်အရေးကြီးတယ်လို့ ပြောပါတယ်။
လက်ရှိ ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ အရေးကိစ္စတွေဟာ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တဲ့အတွက် ဝိုင်းဝန်း အဖြေရှာဆောင်ရွက်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က
တိုက်တွန်းသွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နာရီခန့်ကြာတဲ့ ဒီဟောပြောပွဲကို ဒေသခံလူထု သောင်းနဲ့ချီ တက်ရောက်လာခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မြစ်ကြီးနားမြို့မှာ ဟောပြောပြီးနောက် လေယာဉ်နဲ့ ဗန်းမော်မြို့ကို ထွက်ခွာသွားခဲ့ပါတယ်။ ဗန်းမော်မြို့ မနောကွင်းမှာ လူထု ဟောပြောပွဲ ပြုလုပ်ခဲ့ရာ
ဘောလုံကွင်း နှစ်ကွင်းစာအပြည့် လူထုပရိသတ် တက်ရောက် အားပေးခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံစိတ်ဓာတ် ထားရှိကြဖို့နဲ့
ပင်လုံစိတ်ဓာတ်နဲ့ပဲ ပြည်တွင်း ငြိမ်းချမ်းရေးရအောင် လုပ်ကြရမယ်လို့ ပြောဆိုသွားပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ မနေ့ညက မြစ်ကြီးနားမြို့ မနောကွင်းအတွင်းက မဂျွယ်ခန်းမမှာ ပြုလုပ်တဲ့ ညစာစားပွဲကို တက်ရောက်ပြီး ငြိမ်းချမ်းရေးအတွက် ကြားဝင်
ဆောင်ရွက်ပေးနေတဲ့ ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့သလို ပင်လုံညီလာခံ လက်မှတ် ရေးထိုးရာမှာ ပါဝင်ခဲ့တဲ့ ကချင်တိုင်းရင်းသား ခေါင်းဆောင်တွေရဲ့ ဆွေမျိုးသားချင်းတွေ၊
လူမျိုးစု ခေါင်းဆောင်တွေ၊ မြို့မိမြို့ဖတွေ၊ မြို့ခံ အန်အယ်လ်ဒီအဖွဲ့ဝင်တွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။
ဒီအတောအတွင်း အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့မှာဟောပြောမယ့် နေရာနဲ့ပတ်သက်ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲ ပြေလည်သွားပြီလို့ ဒီကနေ့
သိရပါတယ်။ ချမ်းမြသာစည်မြို့နယ် (၅၁)လမ်းနဲ့ အောင်ဇေယျာလမ်းထောင့်က မြေကွက်လပ်ကို မန္တလေး စည်ပင်သာယာက ဟောပြောပွဲကျင်းပဖို့ ခွင့်ပြုလိုက်တယ်လို့
အန်အယ်လ်ဒီပါတီ မန္တလေးတိုင်းစည်း ဥက္ကဋ္ဌ ဦးသိန်းဒန်က ပြောပါတယ်။