ဒုက္ခသည်တွေ နေရပ်ပြန်လာဖို့ လျှောက်ထားမှုမရှိသေး

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို နှစ်နိုင်ငံ သဘောတူညီချက် နဲ့ ပြန်လည် လက်ခံရေးအစီအစဉ် စတင်တာ ၁၀ ရက် ကြာပြီဖြစ်ပေမယ့် ဒုက္ခသည် တစ်ယောက်မှ ပြန်လာဖို့ လျှောက်ထားလာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်မြောက်ပိုင်း တောင်ပြိုလက်ဝဲက ပြန်လည်လက်ခံရေးစခန်းကို တွေ့ရစဉ် Photo: Min Thein Aung/RFA

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်ရှိနေတဲ့ ဒုက္ခသည်တွေကို နှစ်နိုင်ငံ သဘောတူညီချက်နဲ့ ပြန်လည်လက်ခံရေး အစီအစဉ် စတင်တာ ၁၀ ရက် ကြာပြီဖြစ်ပေမယ့် ဒုက္ခသည်တစ်ယောက်မှ ပြန်လာဖို့ လျှောက်ထားလာတာ မရှိသေးဘူးလို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနက ပြောပါတယ်။

အမှန်တကယ် ထွက်ပြေးသွားသူတွေရဲ့ ဓါတ်ပုံတွေ၊ နာမည်စာရင်းတွေပို့ပေးပြီး ဦးစားပေးလွှတ်ပေးဖို့ ပြော ထားပေမယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပြန်ပို့ဖို့ အခက်အခဲတွေရှိနေတာလို့ထင်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင်က ပြောပါတယ်။

"တစ်ယောက်မှမရသေးဘူး ကျွန်တော်တို့ အသင့်ပြင်ပြီးစောင့်နေပေမယ့် ဟိုဘက်က တစ်ယောက်မှ အခုထက်ထိ ပြန်မပို့သေးဘူး။ သူတို့မှာ အခက်အခဲဖြစ်နေတယ်ဆိုလို့ ပြန်လာဖို့လွယ်အောင်ဆိုပြီး ဒီမှာ အမှန်တကယ်ထွက်ပြေးသွားတဲ့ ရွာတွေက နာမည်စာရင်းတွေ၊ဓါတ်ပုံတွေ အကုန်ပို့ပေးလိုက်တယ် ဦးစားပေး လွတ်ပေးလိုက်ဖို့ ဒါပေမဲ့ တစ်ယောက်မှ ပြန်မလာသေးဘူး။ အဲဒါကတော့ သူတို့မှာ နိုင်ငံရေး အရ အခက်အခဲ ရှိတယ်နဲ့တူတယ် သူတို့ကိုမေးကြည့်မှရမယ်။"

မြန်မာ - ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီမှုနဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၃ ရက်နေ့ကစတင်ပြီး ရခိုင်ပြည် နယ် မောင်တောဒေသကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေကို ပြန်လည်လက်ခံရေးအစီအစဉ် စတင်နေတာဖြစ်ပါတယ်။

မီးရှို့ခံလိုက်ရတဲ့ ကျေးရွာတွေကနေ ထွက်ပြေးသွားတဲ့ ဒေသခံ မွတ်စလင် ၇၀၀ ကျော်နဲ့ ဟိန္ဒူ ၄၀၀ ကျော် ကို ပြန်လည်လက်ခံဖို့ သဘောတူညီထားပေမယ့် အခုချိန်ထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကနေ ဒုက္ခသည်တွေ ဖြည့် ရမယ့် ပုံစံစာရွက်တွေမှာ ဖြည့်စွက်ပြီး ပြန်လည်ပေးပို့လာတာ မရှိသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ် မောင်တောဒေသမှာ ပြီးခဲ့တဲ့နှစ် သြဂုတ်လကုန်ပိုင်းက အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပြီး ဒေသခံ ဟိန္ဒူဘာသာဝင် အနည်းငယ်နဲ့ သိန်းနဲ့ချီတဲ့ မွတ်စလင်တွေဟာ တဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံနေကြတာဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေကို ငခူရနဲ့ တောင်ပြိုလက်ဝဲတို့မှာ ဖွင့်လှစ်ထားတဲ့ ပြန်လည်လက်ခံရေးစခန်းတွေကတဆင့် လက်ခံမှာဖြစ်ပြီး နေရပ်ပြန်မပို့နိုင်ခင်မှာ လှဖိုးခေါင်ရွာမှာ တည်ဆောက်ထားတဲ့ ကြားစခန်းမှာ ယာယီထားရှိ မှာ ဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org