သန်းခေါင်စာရင်းမှာ ရိုဟင်ဂျာ မထည့်ဘူးလို့ အစိုးရပြောကြား

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာအမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်း သတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဖေဖော်ဝါရီလ ၁၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေးဝန်ကြီးနဲ့ ရခိုင်လူထုတွေ့ဆုံပွဲမှာ ဝန်ကြီး ဦးခင်ရီကို တွေ့ရစဉ် photo: RFA/ Min Thein Aung

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတာမရှိသလို မကြာခင် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါမှာလည်း ရိုဟင်ဂျာအမည်နဲ့ လူမျိုးစုစာရင်း ထည့်သွင်း သတ်မှတ်မှာ မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး နဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အဆင့်မြင့်အရာရှိ ကြီးတစ်ဦးက ဒီကနေ့ ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

သန်းခေါင်စာရင်းကောက်ယူရာမှာ လူမျိုးအမည်  ကုဒ် နံပါတ် ၉၁၄ မှာ ရိုဟင်ဂျာအမည်နဲ့ အင်တာနက် စာမျက်နှာတွေမှာ ဖြန့်ချီဖော်ပြနေတာနဲ့ပတ်သက်ပြီး RFA က ဆက်သွယ်မေးမြန်းစဉ်မှာ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်း ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင် က ပြောကြားခဲ့တာပါ။

"ကျနော်တို့ ကုဒ်နံပါတ်ထဲမှာ ရိုဟင်ဂျာဆိုတာ လုံးဝမရှိပါဘူးခင်ဗျ၊ မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ လုံးဝမရှိပါဘူးခင်ဗျ၊ ကျနော်တို့ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါတဲ့လူတွေကို ကုဒ်နံပါတ် ၉၁၄ လို့ ပေးထားတာရှိပါတယ်၊ တခြားတိုင်းရင်းသားတွေထဲမှာ မပါတဲ့လူတွေအတွက် ဖြစ်ပါတယ်ခင်ဗျ"

ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ ရခိုင်ပြည်နယ်က မွတ်စလင်တွေကို ရိုဟင်ဂျာလို့ စာရင်းသွင်းဖော်ပြမှာကို လုံးဝလက်မခံကြောင်း၊ ရိုဟင်ဂျာအမည်သုံးစွဲခဲ့ရင် ရခိုင်ပြည်နယ်အနှံ့ ဆန္ဒပြမယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ ပြည်ပအခြေစိုက် ရိုဟင်ဂျာအရေး လှုပ်ရှားသူတွေကလည်း ရခိုင်ပြည်နယ်မှာ သန်းခေါင်စာရင်းကောက်ယူတဲ့အခါ ရိုဟင်ဂျာအမည်ထည့်သွင်းဖော်ပြနိုင်ရေးအတွက် ကြိုးပမ်းနေကြပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသားသန်းခေါင်စာရင်းဦးစီးဌာနက ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကတော့ ဒေသခံတွေအကြား စိုးရိမ်မှုရှိနေတာဟာ သတင်းအမှားတွေကြောင့်သာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ သတင်းအမှန်ကို ထုတ်ဖော်ပြီးဖြစ်ကြောင်း၊ ပြည်သူတွေကိုလည်း သန်းခေါင်စာရင်းကောက်ယူမှုနဲ့ ပတ်သက်လို့ အသိပညာပေးရေးလုပ်ငန်းတွေ ဆောင်ရွက်နေကြောင်း ပြောပါတယ်။

ဒီအတောအတွင်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိမ်းချုပ်နယ်မြေအတွင်း သန်းကောင်စာရင်းကောက်ယူဘို့ အခက်အခဲတွေရှိမှာဖြစ်တယ်လို့ KIO အဖွဲ့က ဒီကနေ့ ပြောဆိုပါတယ်။

သန်းကောင်စာရင်းကောက်ယူမှု မပြုလုပ်နိုင်ခြင်းမှာ အဓိက စစ်ရေးအခြေအနေတွေကြောင့်ဖြစ်တယ်လို့ KIO အဖွဲ့က သုံးသပ်ပါတယ်။ KIO အဖွဲ့ရဲ့ နည်းပညာအကြံပေးအဖွဲ့ဝင် ဦးဒေါင်းခါးပြောတာကတော့ ခုလိုပြောပါတယ်။

"ကျနော်တို့ နယ်မြေထဲမှာ စစ်ရေးအရသော်၎င်း၊ IDP Issue အရသော်၎င်း၊ ပို့ဆောင်ဆက်သွယ်ရေးအရသော်၎င်း လူနေမှု အတည်တကျမရှိသေးတဲ့ အကြောင်းတွေရှိနေသေးလို့ ဒီအပေါ်ကိုအခြေခံပြီး ကျနော်တို့ နယ်မြေထဲမှာကောက်ဖို့ အခက်အခဲရှိတဲ့အကြောင်းကို အဲလိုသုံးသပ်ပြီးတော့ ကောက်ချက်ချထားတာပါ"

လက်ရှိအခြေအနေမှာ သန်းခေါင်းကောင်စာရင်း ကောက်ယူတာနဲ့ပတ်သက်ပြီး KIO က မူအားဖြင့်ဆောင်ရွက်တဲ့ လုပ်နည်းလုပ်ဟန်တွေနဲ့ ပတ်သက်လို့ သဘောမတူတာတွေရှိပေမဲ့ တရားဝင်ကန့်ကွက်တာမျိုးလည်း မလုပ်ရသေးဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ကချင်လူထုအနေနဲ့ ဆုံးဖြတ်ချက်ချထားတာတော့ရှိတယ်လို့ ဆိုပါတယ်။ ခုလို KIO နယ်မြေအတွင်း သန်းခေါင်စာရင်းကောက်ယူခြင်း မပြုလုပ်နိုင်ခဲ့ရင် ကချင်ပြည်နယ်တွင်းမှာရှိတဲ့ လူဦးရေ ၃၀ ရာခိုင်နှုန်းခန့် လျော့သွားမှာဖြစ်တယ်လို့ လူမူရေးအဖွဲ့အစည်းတွေကပြောပါတယ်။

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမျိုးသား သန်းခေါင်စာရင်းဦးစီးဌာန ညွှန်ကြားရေးမှူးချူပ် ဦးမြင့်ကြိုင်ကို RFA အဖွဲ့သူ ဒေါ်ခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

အခုလို ပြည်လုံးကျွတ် သန်းခေါင်းစာရင်းကောက်ယူမယ့် အစီအစဉ်အပေါ် တိုင်းရင်းသားတွေရဲ့ စိုးရိမ်မှုတွေနဲ့ ပတ်သက်လို့ RFA အဖွဲ့သား ဦးတင်အောင်ခိုင်ရဲ့ တင်ပြချက်ကိုလည်း နားဆင်နိုင်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org