မဲဆန္ဒနယ်မြေ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြိုင်ဖက်မရှိဖြစ်နေ

ရွေးကောက်ပွဲကော်မရှင်က သတ်မှတ်တဲ့အချိန် သီတင်းနှစ်ပတ်အတွင်း အမတ်လောင်းစာရင်းတွေ တင်သွင်းရမယ်ဆိုတဲ့ ကိစ္စမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက လွဲပြီး ကျန်တဲ့ နိုင်ငံရေးပါတီ အများစု အနေနဲ့ ကိုယ်စားလှယ်တွေ ဝင်ရောက်ယှဉ်ပြိုင်ဖို့ အချိန်မီ စာရင်းမပေးနိုင်ခဲ့ကြဘူးလို့ ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းက ပြောကြပါတယ်။

စစ်အစိုးရက ထောက်ပံ့ အားပေးနေသော ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၏ ရုံးများကို မြန်မာနိုင်ငံ မြို့ရွာအတော်များများတွင် သြဂုတ်လ ၂၀ ရက်က ဖွင့်လှစ်ခဲ့ရာ မိုးကုတ်မြို့ရှိ ဆိုင်းဘုတ်တင် ရုံးဖွင့်ပွဲ အခမ်းအနားကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP) (Photo: AFP)

ဒါကြောင့် မဲဆန္ဒနယ်မြေ အများစုမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ကိုယ်စားလှယ်တွေပဲ ရှိနေပြီး ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်ချက်အရဆိုရင် သူတို့တွေကို မဲပေးစရာတောင်မလိုပဲ အလိုအလျောက် လွှတ်တော်ကိုယ်စားလှယ်တွေ ဖြစ်နေပြီလို့ပြည်ထောင်စု ဒီမိုကရေစီပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုသန်းမင်းစိုးက အာအက်ဖ်အေကို ပြောပါတယ်။

“အခုလက်ရှိအနေအထားက ­­ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက တနိုင်ငံလုံးမှာ အမည်စာရင်း တင်သွင်းထားတယ်ဗျာ၊ ကျန်တဲ့ ဒီမိုကရက်တစ် အင်အားစုက အနည်းအကျဉ်းသာ အမည်စာရင်း တင်သွင်းထားတယ်။ အဲဒီတော့ လွတ်တဲ့ နေရာတွေက အများကြီး ရှိတယ်လေ။ အဲဒီ နေရာတွေကတော့ဗျာ ရွေးကောက်ပွဲတောင် လုပ်စရာမလိုတဲ့ အနေအထား ဖြစ်သွားတာပေါ့။ ပြည်ခိုင်ဖြိုးပါတီကပဲ ဟို ရွေးကောက်ပွဲ မလုပ်ပဲနဲ့ပေါ့နော်၊ လွှတ်တော် ကိုယ်စားလှယ် ဖြစ်သွားစရာ အများကြီး ရှိနေတယ်။”

ဒီအတောအတွင်းမှာပဲ လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ နှစ်ပတ်အတွင်း ကျပ်ငွေငါးသိန်းနဲ့ အမည်စာရင်း တင်သွင်းထားကြပြီးပြီ ဆိုပေမဲ့ နိုင်ငံရေးပါတီတွေကော တသီးပုဂ္ဂလတွေပါ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ အမတ်လောင်းစာရင်း အတည်ပြု ကြေညာမဲ့အချိန်ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတယ်လို့လည်း ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်အနေနဲ့ ပြည်သူ့လွှတ်တော်အတွက် အမတ်လောင်းစာရင်းတွေကို စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ ကြေညာမှာ ဖြစ်ပြီး အမျိုးသားလွှတ်တော်အတွက် စက်တင်ဘာ ၈ ရက်နဲ့ ပြည်ထောင်စု လွှတ်တော်အတွက် စက်တင်ဘာ ၉ ၇က်နဲ့ ၁၀ ရက်အတွင်း အမတ်လောင်းစာရင်းတွေကို ထုတ်ပြန်ကြေညာမယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org