နိုင်ငံခြားမှ စာနယ်ဇင်းသမားနှင့် လေ့လာသူများကို ရွေးကောက်ပွဲမှာ ခွင့်မပြု
လာမဲ့ နိုဝင်ဘာလ ၇ ရက်နေ့ ရွေးကောက်ပွဲနေ့မှာ နိုင်ငံခြားသတင်းဌာနတွေကို သတင်းယူခွင့် မပေးဘူးလို့ မြန်မာစစ်အစိုးရ ရွေးကောက်ပွဲအရာရှိတွေက အောက်တိုဘာ ၁၈ ရက် ဒီနေ့ ပြောလိုက်ပါတယ်။
-
2010-10-18 -
-
-
ဒါ့အပြင် လာမဲ့ရွေးကောက်ပွဲမှာ နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့် လေ့လာရေး အဖွဲ့တွေကိုလည်း ခွင့်ပြုမှာ မဟုတ်ဘူးလို့နေပြည်တော်မှာ ကျင်းပတဲ့ သံတမန်တွေနဲ့ ပြည်တွင်း မီဒီယာတွေကို ရှင်းလင်းတဲ့ပွဲမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ပြောခဲ့တာပါ။
မြန်မာနိုင်ငံက ရွေးကောက်ပွဲကို သတင်းယူဖို့ကြိုတင်ဗီဇာ တင်ထားတဲ့ ထိုင်းသတင်းထောက် တဦးပြောတာက “မြန်မာစစ်အစိုးရအနေနဲ့ သတင်းသမားတွေကို ဝင်ခွင့်ပေးသင့်ပါတယ်။ တကယ်ဖြစ်နေတဲ့ အခြေအနေတွေကို ပြသင့်ပါတယ်။ ကမ္ဘာကိုလည်း မြန်မာနိုင်ငံက ရွေးကောက်ပွဲ ဆိုတာကို ပြသဖို့ အခွင့်အရေးတခု ဖြစ်ပါတယ်” လို့ ထိုင်းသတင်းထောက်က ပြောသွားပါတယ်။
ဒါပေမဲ့ နိုင်ငံတကာ သတင်းဌာနတွေမှာ အလုပ်လုပ်တဲ့ ပြည်တွင်းမှာ ရှိတဲ့ သတင်းထောက်တွေကိုတော့ ရွေးကောက်ပွဲ သတင်းယူခွင့် ပေးမယ်လို့ ဆိုပါတယ်။ မြန်မာစစ်အစိုးရ အနေနဲ့ ရွေးကောက်ပွဲ အတွေ့အကြုံအများကြီး ရှိတဲ့အတွက် နိုင်ငံတကာ လေ့လာသူတွေ မလိုအပ်ကြောင်း ဦးသိန်းစိုးက ပြောတယ်လို့သိရပါတယ်။
ဒါပေမဲ့ ကုလသမဂ္ဂ အဖွဲ့နဲ့ သံတမန်တွေကိုတော့ ရွေးကောက်ပွဲနေ့မှာ လိုက်လံပြသမှာ ဖြစ်တဲ့အတွက်လည်း နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာသူတွေ မလိုတော့ကြောင်း ပြောတယ်လို့ သိရပါတယ်။