အဓိပ္ပာယ်ရှိသည့် အပြောင်းအလဲ မရှိသေးဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံး ရွေးကောက်ပွဲ တရပ် ပေါ်ပေါက်ခဲ့ပေမဲ့ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ မရှိသေးဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
-
2011-05-12 -
-
-
အခု အပတ်အတွင်း ဂျာမနီ ရုပ်သံသတင်းဌာန DW-TV နဲ့ တယ်လီဖုန်း ဆက်သွယ် မေးမြန်းခန်းမှာ မိမိအနေနဲ့ အခုအချိန် အထိ မြန်မာနိုင်ငံမှာ အဓိပ္ပာယ်ရှိတဲ့ အပြောင်းအလဲ ဘာတခုမှ မတွေ့ရသေးကြောင်း၊ ရွေးကောက်ပွဲ တရပ်ရှိခဲ့ပြီး ဒီရွေးကောက်ပွဲ အပြီး အစိုးရသစ် ဟာလည်း ရွေးကောက်ပွဲ မတိုင်ခင် အစိုးရ လက်ထက်က လူတွေပဲ ဖြစ်ကြောင်း၊ တကယ်စင်စစ် ပြောင်းလဲလာမလား ဆိုတာတော့ စောင့်ကြည့်နေရဆဲ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
နိုင်ငံရေး အကျဉ်းသားတွေ လွှတ် မပေးမချင်း၊ မိမိတို့ နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့် မပေးမချင်း၊ မြန်မာနိုင်ငံမှာ အမှန် တကယ် ပြောင်းလဲတယ်ဆိုတာ မိမိ မယူဆဘူးလို့လည်း ဂျာမန် ရုပ်သံဌာနနဲ့ မေးမြန်းခန်းမှာ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားပါတယ်။
မြန်မာနိုင်ငံက အာဆီယံနိုင်ငံတွေကို အဆိုပြုထားတဲ့ ၂၀၁၄ အာဆီယံ ဥက္ကဋ္ဌ နေရာကို အာဆီယံက ပေးအပ်တာဟာ မြန်မာ့ ဒီမိုကရေစီရေး အတွက် ဘယ်နည်းနဲ့မှ အထောက်ကူ မရနိုင်ကြောင်း၊ ဒါပေမဲ့ အာဆီယံ ဥက္ကဋ္ဌ နေရာ အတွက် အခြေအနေ သတ်မှတ်ချက်တွေ ပါရှိမယ် ဆိုရင် အထောက်အကူ ပြုနိုင်ကြောင်း၊ ဥပမာ ဥက္ကဋ္ဌ နေရာ မရယူခင် အပြောင်းအလဲ တချို့ လုပ်ဆောင်ဖို့ မဖြစ်မနေ လိုအပ်တယ် ဆိုတဲ့ အချက်မျိုး ပါဝင်တယ် ဆိုရင် မြန်မာ့ ဒီမိုကရေစီရေး အတွက် အထောက်အကူ ဖြစ်နိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တယ်လို့ သိရပါတယ်။