ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့အပြုအမူတွေ ဝမ်းနည်းစရာလို့ နိုဘယ်ဆုပေးရေးအဖွဲ့ပြော
မြန်မာနိုင်ငံ အရပ်သားအစိုးရ ခေါင်းဆောင်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ အပြုအမူတွေဟာ ဝမ်းနည်းဖွယ်ရာဖြစ်ပေမဲ့ သူ့ကို နှင်းအပ်ထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ ပြန်လည်ရုပ်သိမ်းမှာမဟုတ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးဖောင်ဒေးရှင်းက ပြောလိုက်ပါတယ်။
-
2018-10-02 -
-
-
မြန်မာနိုင်ငံ အရပ်သားအစိုးရ ခေါင်းဆောင်အဖြစ်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ တချို့ အပြုအမူတွေဟာ ဝမ်းနည်းဖွယ်ရာဖြစ်ပေမဲ့ သူ့ကို နှင်းအပ်ထားတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကိုတော့ ပြန်လည်ရုပ်သိမ်းမှာမဟုတ်ကြောင်း နိုဘယ်ဆုရွေးချယ်ရေးဖောင်ဒေးရှင်းက ပြောလိုက်ပါတယ်။
အခုနှစ် ၂ဝ၁၈ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ကို မကြေညာခင် ရိုက်တာသတင်းက တွေ့ဆုံမေးမြန်းခဲ့ရာမှာ နိုဘယ်ဆုဖောင်ဒေးရှင်း အကြီးအကဲ Lars Heikensten က… နိုဘယ်ဆု ပေးအပ်ပြီးနောက်ပိုင်း ဖြစ်ပျက်ခဲ့တာတွေအပေါ် တုံ့ပြန်တဲ့အနေနဲ့ ဆုကိုပြန်ရုပ်သိမ်းတာမျိုးက အဓိပ္ပါယ်မရှိကြောင်း ပြောပါတယ်။
မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့အတွက် ၁၉၉၁ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ရခိုင်ပြည်နယ်ပဋိပက္ခမှာ ထွက်ပြေးခဲ့ရသူ သိန်းနဲ့ချီတဲ့ မွတ်စလင်ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ သူ့ရဲ့ပုဂ္ဂိုလ်ရေးသြဇာကို အသုံးမပြုဘဲ ပျက်ကွက်ခဲ့တယ်လို့ စွပ်စွဲခံနေရတာ ဖြစ်ပါတယ်။
နိုဘယ်ဆုဖောင်ဒေးရှင်းအကြီးအကဲက ဆက်လက်ပြောဆိုရာမှာ… မြန်မာနိုင်ငံမှာ ဒေါ်အောင်ဆန်းစုကြည် ပြုမူဆောင်ရွက်နေပုံတွေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ အများကြီး ရှိနေတယ်ဆိုတာ သိမြင်ပါတယ်၊ နိုဘယ်ဆုရွေးချယ်ရေးအဖွဲ့ အနေနဲ့ကတော့ အဖွဲ့ရဲ့ အဓိက တန်ဖိုးတရပ်ဖြစ်တဲ့ လူ့အခွင့်အရေးအပေါ် ရပ်တည်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနေအထား အခုလိုအထိ ဖြစ်လာတာကတော့ အတော်ကို ဝမ်းနည်းဖို့ ကောင်းပါတယ်လို့ ပြောပါတယ်။
အခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်အမည်ကို လာမယ့်သောကြာနေ့ကျရင် နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ကြေညာမှာ ဖြစ်ပါတယ်။