ကုလအထူးကိုယ်စားလှယ်က မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး တစ်ဖက်သတ်ထုတ်ပြန်ခဲ့ကြောင်း စစ်ကောင်စီ ပြော

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်း ဟေဇာ (Noeleen Heyzer) က အပြုသဘောမဆောင်တဲ့ တစ်ဖက်သတ်ပြောကြားမှုတွေကို ထုတ်ပြန်ခဲ့တယ်လို့ စစ်ကောင်စီက သြဂုတ်လ ၁၉ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် နိုလင်းဟေဇာကို မလေးရှားနိုင်ငံမှာ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့က တွေ့ရစဉ် Photo: NAZRI RAPAAI / MALAYSIA'S DEPARTMENT OF INFORMATION / AFP

စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဆွေးနွေးပွဲအပြီးမှာ ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် နိုလင်း ဟေဇာ (Noeleen Heyzer) က အပြုသဘောမဆောင်တဲ့ တစ်ဖက်သတ်ပြောကြားမှုတွေကို ထုတ်ပြန်ခဲ့တယ်လို့ စစ်ကောင်စီက သြဂုတ်လ ၁၉ ရက် မနေ့ကရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ တွေ့ဆုံဆွေးနွေးစဥ်မှာ မြန်မာနိုင်ငံနဲ့ ကုလသမဂ္ဂ ရေရှည်လက်တွဲဆောင်ရွက်နိုင်ရေးအတွက် သတင်းတွေကို ထိန်းထိန်းသိမ်းသိမ်း ထုတ်ပြန် ဆောင်ရွက်ဖို့ သဘောတူခဲ့တယ်လို့ အဲဒီထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ၊ အရပ်ဘက်ပြည်သူတွေရဲ့နေအိမ်တွေနဲ့ အခြေခံ အဆောက်အဦတွေကို မီးရှို့ဖျက်ဆီးတာတွေ ရပ်တန့်ရေးအပါအဝင် အကြမ်းဖက်မှု လျှော့ချရေးတွေ ချက်ချင်းဆောင်ရွက်ဖို့၊ အသက် ကယ်ဆယ်ရေးအထောက်အကူပြု အကူအညီတွေ အမြန်ဆုံးရောက်ရှိရေး၊ အကူအညီတွေကို ခွဲခြားမှုမရှိဘဲ လိုအပ်နေသူတွေ ထံ အမြန်ဆုံးရောက်ရှိနိုင်ရေး ဆောင်ရွက်ပေးဖို့လည်း အထူးသံတမန်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့တယ်လို့လည်း ထည့်သွင်းထားပါတယ်။

မစ္စနိုလင်းဟေဇာရဲ့ အဲဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီက မနေ့က တုံ့ပြန် ထုတ်ပြန်ရာမှာတော့ အထူးကိုယ်စားလှယ်ရုံးရဲ့ ထုတ်ပြန်ချက်ဟာ ပြည်တွင်းပြည်ပက တရားမဝင် အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ ပေးပို့ချက်တွေကို အခြေခံဆွေးနွေး တောင်းဆိုမှုတွေဖြစ်ပြီး မြန်မာနိုင်ငံဘက်က ပကတိဖြစ်ရပ်တွေ၊ သတင်း အချက်အလက် အထောက်အထားတွေနဲ့ ပြန်လည်ရှင်းလင်းပြခဲ့တာတွေကို ထင်ဟပ်မှုမရှိတဲ့ တစ်ဖက်သတ် ထုတ်ပြန်မှုဖြစ်ပြီး နှစ်ဦးနှစ်ဖက် အပြုသဘောလုပ်ဆောင်နေမှုတွေကို အနှောင့်အယှက် ဖြစ်စေတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာဟာ ပြီးခဲ့တဲ့သီတင်းပတ်က မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံစဥ်အတွင်း မြန်မာပြည်သူတွေ ဒီမိုကရေစီနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အကြောက်တရားကင်းစွာရရှိဖို့ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ကုလသမဂ္ဂက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့တဲ့ လုပ်ရပ်ဖြစ်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို လတ်တလော သေဒဏ်ပေးအပြီး နောက်လာမယ့် ကွပ်မျက်မှုအားလုံးကို တရားဝင် ဆိုင်းငံ့ထားဖို့၊ သြစတြေးလျစီးပွားရေးပညာရှင် ဒေါက်တာရှောင်တားနဲလ် အပါအဝင် အကျဉ်းထောင်တွေနဲ့ တခြားနေရာတွေမှာ ထိန်းသိမ်းခံထားရတဲ့လူငယ်တွေအပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့တိုက်တွန်းခဲ့တယ်လို မစ္စနိုလင်းဟေဇာရဲ့ သြဂုတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကုလသမဂ္ဂ တာဝန်ရှိသူတွေအနေနဲ့ အများပြည်သူကို ထုတ်ပြန်ချက်တွေမှာ အစိုးရရဲ့ တုံ့ပြန်ပြောကြားချက်တွေကိုမျှတစွာ ထည့်သွင်းဖော်ပြဖို့ ကျင့်ဝတ်အရ လိုအပ်ပေမယ့် အထူးကိုယ်စားလှယ်ရုံးရဲ့ သြဂုတ်လ ၁၇ ရက် နေ့ထုတ်ပြန်ချက်မှာ အဲဒီကျင့်ဝတ်ကို မလိုက်နာခဲ့တဲ့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းက အထင်အမြင်လွဲမှား စေနိုင်ပြီး အများ ပြည်သူက နားလည်မှုလွဲမှားစေနိုင်တယ်လို့ စစ်ကောင်စီရဲ့ တုံ့ပြန်ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org