ကုလအထူးကိုယ်စားလှယ်နဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာ့အရေးဆွေးနွေး

မစ္စနိုလင်းဟေဇာဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ The Telegraph မှာ ဖော်ပြထားပါတယ်။

ကုလအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်း ဟေဇာနှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာတို့ ၂၀၂၃ ခုနှစ်၊ မေလ ၉ ရက်နေ့က အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် တွေ့ဆုံစဉ်။ Twitter@DrSJaishankar

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စနိုလင်း ဟေဇာဟာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာနဲ့ အင်္ဂါနေ့ကတွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့တယ်လို့ The Telegraph သတင်းမှာ ဖော်ပြထားပါတယ်။

မြန်မာနဲ့ပတ်သက်လို့ မစ္စနိုလင်းဟေဇာရဲ့ အမြင်ကိုသိရပြီး၊ သူ့ရဲ့ဆောင်ရွက်ချက်တွေကို အားပေး ထောက်ခံနေပါတယ်လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဂျေရှန်ကာက သူ့ရဲ့တွစ်တာ စာမျက်နှာမှာ မေလ ၉ ရက်နေ့က ရေးသားထားပါတယ်။ သူတို့နှစ်ယောက်ရဲ့ ဆွေးနွေးမှုတွေကိုတော့ အသေးစိတ် ထုတ်ဖော်ပြောဆိုတာ မတွေ့ရသေးပါဘူး။

မစ္စနိုလင်းဟေဇာဟာ မေလ ၁ ရက်နေ့ကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကျန်းနဲ့ ဘေးဂျင်းမြို့ မှာ တွေ့ဆုံခဲ့ပြီး၊ မြန်မာနိုင်ငံအကျပ်အတည်း ပြေလည်စေဖို့ တရုတ်နိုင်ငံရဲ့ အခန်းကဏ္ဍက အရေးကြီးတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။

မြန်မာ့အရေးဆောင်ရွက်တဲ့အခါ အိမ်နီးချင်းနိုင်ငံတွေပါတဲ့ ဒေသတွင်းနိုင်ငံတွေရဲ့ တစ်စုတစ်စည်းတည်း ကြိုးစားအားထုတ်မှုက ပိုပြီးသြဇာသက်ရောက်နိုင်တယ်လို့ နိုလင်းဟေဇာက တရုတ်ပြည်ခရီးစဉ်မှာ ပြောခဲ့ပါတယ်။

စစ်ကောင်စီနဲ့ဆက်ဆံရေးပြေလည်တဲ့ အိန္ဒိယဟာ ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို စစ်ကောင်စီက လေကြောင်းကနေတိုက်လို့ လူ ၁၇၀ ကျော်သေဆုံးပြီး မကြာခင် ရက်ပိုင်းမှာပဲ အကြမ်းဖက်မှုတွေရပ်ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီအပြင် ဧပြီလ ၂၅ ရက်နေ့ကလည်း မြန်မာ့အရေးနဲ့ပတ်သက်တဲ့ Track 1.5 ဆိုတဲ့ လျှို့ဝှက်အစည်းအဝေးရဲ့ ဒုတိယအကြိမ်ကို အိန္ဒိယနိုင်ငံမှာ လက်ခံပြုလုပ်ခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org