သမ္မတရွေးပွဲဟာ အရေးကြီးခြေ လှမ်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်ပြော
လွှတ်တော်မှာ ဒီနေ့ စတင်တဲ့ နိုင်ငံတော် သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ရေး လုပ်ငန်းစဉ်တွေဟာ မဲဆန္ဒရှင်တွေရဲ့ မျှော်မှန်းချက်နဲ့ လိုလားတောင့်တချက်တွေကို ဖော်ဆောင်ရေးရဲ့ အရေးကြီး တဲ့ ခြေလှမ်းဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
-
2016-03-10 -
-
-
လွှတ်တော်မှာ ဒီနေ့ စတင်တဲ့ နိုင်ငံတော်သမ္မတနဲ့ ဒုတိယသမ္မတ ရွေးချယ်ရေးလုပ်ငန်းစဉ်တွေဟာ မဲဆန္ဒရှင်တွေ ရဲ့ မျှော်မှန်းချက်နဲ့ လိုလားတောင့်တချက်တွေကို ဖော်ဆောင်ရေးရဲ့ အရေးကြီးတဲ့ ခြေလှမ်းဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည် က ကြေညာချက် ထုတ်ပြန်ပြောပါတယ်။
ပြည်သူတွေရဲ့ ဆန္ဒတွေကို အပြည့်အဝေ အကောင်အထည် မဖော်နိုင်မီ ကာလအတွင်း တည်ငြိမ်အေးချမ်းစွာနဲ့ လိုရာပန်းတိုင်ရောက်ရှိရေးအတွက် အားလုံးက ဉာဏ်ပညာ အမြော်အမြင်နဲ့ ဝန်းရံထောက်ခံပေးဖို့လည်း မေတ္တာ ရပ်ခံထားပါတယ်။
ဒါ့အပြင် ပြည်သူတွေရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ရေးဟာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သန္နိဌာန်ဖြစ်တဲ့အတွက် တတ်နိုင်သမျှ ဆက်လက်ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။
ဒီနေ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မှာ ဒုတိယသမ္မတလောင်း အမည်စာရင်းတွေကို အန်အယ်လ်ဒီ ပါတီနဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီတို့က တင်သွင်းခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဌဟောင်း သူရဦးရွှေမန်း ကလည်း ဒုတိယသမ္မတလောင်းအဖြစ် အဆိုပြုခံရသူ ၄ ဦးကို ဂုဏ်ပြုကြောင်း သူ့ရဲ့အင်တာနက် ဖေ့စ်ဘွတ် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
ဒီအတောအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဆိုပြုတင်သွင်းတဲ့ ဒုတိယသမ္မတလောင်း ၂ ဦးကို အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ ပါတီအပေါ် သစ္စာရှိမှုနဲ့ တိုင်းပြည်အပေါ် အလုပ်အကျွေးပြုနိုင်မှု စတဲ့ မူ ၄ချက်နဲ့ ရွေးချယ်ခဲ့တာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီ လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ရှင်းလင်းပြောကြားခဲ့ပါတယ်။
ဒီနေ့ လွှတ်တော် ၂ ရပ်မှာ ဒုသမ္မတလောင်းတွေ ရွေးချယ်အပြီး နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ အန်အယ်လ်ဒီကိုယ်စားလှယ်တွေကို ဒေါ်အောင်ဆန်းစုကြည်က ဘယ်လိုရွေးချယ်ခဲ့သလဲဆိုတာကို ရှင်းပြခဲ့တာဖြစ် ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ကျန်းမာရေးဂရုစိုက်ကြဖို့ လွှတ်တော်အစည်းအဝေးတွေကိုလည်း မပျက်မကွက် တက်ရောက်ကြဖို့လည်း မှာကြားတယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဒေါက်တာ ဇော်မြင့်မောင်က ပြော ပါတယ်။