၂၀၁၁ ပြည်သူ့ဂုဏ်ရည်ဆု အတွက် အမည်စာရင်း စတင်လက်ခံပြီ
အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေ စုပေါင်း စီစဉ်တဲ့ ပြည်သူ့ဂုဏ်ရည်ဆု ၂၀၁၁ ခုနှစ်အတွက် အမည်စာရင်းတွေ ပေးပို့ကြဖို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က ဇန်နဝါရီ ၂ ရက် မနေ့က ပြောပါတယ်။
-
2011-01-03 -
-
-
မြန်မာနိုင်ငံတွင်း လူမှု အထောက်အကူပြု လုပ်ငန်းတွေမှာ ကိုယ်ကျိုးမဖက် ဆောင်ရွက်နေသူတွေကို ဂုဏ်ပြုချီးမြှင့်ဖို့ ဒုတိယအကြိမ်မြောက် အခမ်းအနားကို လာမဲ့ မေလအတွင်း ကျင်းပဖို့ စီစဉ်နေတဲ့ အကြောင်း အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ကိုမောင်ရစ်က ပြောပါတယ်။
“အဲဒီအတွက် ဒီ ပြည်သူ့ဂုဏ်ရည် စေတနာရှင်တွေ၊ နောက် လုပ်အားပေးတွေက မြန်မာပြည်တွင်းမှာ ရှိတဲ့ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်း ကိုယ်ကျိုးစွန့်ပြီး စွမ်းဆောင်နေတဲ့ လူတွေ၊ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို စာရင်းကောက်ယူပြီးတော့ စုဆောင်းနေတယ်၊ အဲဒီအတွက် ဒီ အများပြည်သူကနေပြီးတော့ ပြည်သူ့ဂုဏ်ရည် ဝက်ဘ်ဆိုက်ကနေ အီးမေးလ်တွေကတဆင့် စာရင်းတွေ ပေးပို့လို့ ရတယ်၊ အမည်စာရင်းတွေ တင်သွင်းလို့ ရတယ်။”
“အဲဒီ အမည်စာရင်း တင်သွင်းတာကို ဒီ မတ်လကုန်အထိ လက်ခံနေပါတယ်။ ဒီ မတ်လကုန် ကျော်သွားတာနဲ့ ဧပြီလအတွင်းမှာ နောက်ဆုံး ဆန်ကာတင်စာရင်းတွေ ထုတ်ပြန်တာတွေ လုပ်မယ်။ နောက်ပြီးကျလို့ရှိရင်တော့ မဲအများဆုံး ရရှိတဲ့ စာရင်းကို ဒီ အင်တာနက်ကနေတဆင့် မဲဆန္ဒခံယူပြီးတော့ ထုတ်ပြန်မယ်။ မေလမှာ ဒုတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ၂၀၁၁ ခုနှစ်၊ ဂုဏ်ပြု ချီးမြှင့်တဲ့ အခမ်းအနား ကျင်းပမှာ ဖြစ်ပါတယ်။”
၂၀၁၁ ခုနှစ်အတွက် ဆုပေးပွဲကို ကာလီဖိုးနီးယားပြည်နယ် ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပမှာ ဖြစ်ပါတယ်။ နှစ်စဉ်ကျင်းပမဲ့ အခမ်းအနား ဖြစ်တာကြောင့် အမေရိကန်ပြည်ထောင်စုအတွင်း ပူးပေါင်း ဆောင်ရွက်ကြတဲ့ မြို့တွေမှာ အလှည့်ကျစနစ်နဲ့ ရွေးချယ်ပြီး ဆုပေးပွဲ ကျင်းပမယ်လို့ သိရပါတယ်။
ပြည်တွင်းမှာ စေတနာဝန်ထမ်း လုပ်ကိုင်နေတဲ့ အဖွဲ့တွေ၊ စာရင်းပြုစု ပြန်ကြားချက်တွေနဲ့အတူ အများဆန္ဒနဲ့ ဂုဏ်ပြုဆု ချီးမြှင့်နိုင်ဖို့ ပြည်သူ့ဂုဏ်ရည်အဖွဲ့က စီစဉ်ဆောင်ရွက်နေတာပါ။
ပြီးခဲ့တဲ့နှစ်က ပထမဦးဆုံးအကြိမ် ချီးမြှင့်တဲ့ ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲအခမ်းအနားကို လော့စ်အိန်ဂျလိစ်မြိ့ုမှာ ကျင်းပခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဦးကျော်သူကို အပ်နှင်း ချီးမြှင့်ခဲ့ပါတယ်။ ငွေသားဆုအဖြစ် အမေရိကန်ဒေါ်လာ ငါးထောင် သတ်မှတ်ထားပါတယ်။