မကွေးတိုင်းမှာ ကျောင်းဆရာတစ်ဦး စစ်ကောင်စီလက်ချက်ကြောင့် သေဆုံး
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ မူလတန်း ကျောင်းဆရာရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက် မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2021-09-20
-
-
-
မကွေးတိုင်း၊ မြို့သစ်မြို့နယ်၊ မြို့လုလင်ရွာမှာ စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ မူလတန်း ကျောင်းဆရာရဲ့ ရုပ်အလောင်းကို စက်တင်ဘာလ ၁၉ ရက် မနေ့က သင်္ဂြိုဟ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြို့လုလင်ရွာက အသက် ၃၃ နှစ်အရွယ် မူလတန်းပြကျောင်းဆရာ ဦးအောင်သန်းဇော်ကို စစ်ကောင်စီတပ်သားတွေက စက်တင်ဘာ ၁၇ရက်က ပစ်ခတ်ခဲ့ပြီး မြို့သစ်ဆေးရုံကနေ နေပြည်တော် ကုတင် ၁၀၀၀ ဆေးရုံကို ပို့ဆောင်ကုသခဲ့ပေမယ့် ၁၈ ရက်နေ့မှာ သေဆုံးသွားတာလို့ မိသားစုဝင်နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
“စက်တင်ဘာ ၁၇ ရက်နေ့ ည ၉ နာရီလောက် ရွာသားတစ်ဦးနဲ့အတူ ရွာထိပ်က ဆီဆိုင်မှာ ဆိုင်ကယ်ဆီ သွားထည့်တာ ရွာမှာရှိတဲ့ မိုင်တယ် (Mytel) တာဝါတိုင်ကို စောင့်နေတဲ့ စစ်သားတွေကတားပြီး နှစ်ဦးစလုံးကို ရိုက်တယ်။ ပြီးတော့ ဆရာလေးရဲ့ လည်ပင်းတေ့ပစ်ခံလိုက်ရတာ” လို့ မိသားစုဝင်နဲ့ နီးစပ်သူကဆိုပါတယ်။
အတူပါလာသူတစ်ဦးက ဆရာဦးအောင်သန်းဇော်ကို မော်တော်ဆိုင်ကယ်နဲ့ တင်ပြီး ရွာကနေ သုံးမိုင်လောက်ဝေးတဲ့ မြို့သစ်ဆေးရုံကို ပို့ဆောင်ခဲ့ပြီး အဲကနေမှ နေပြည်တော် ဆေးရုံးကို လွှဲပြောင်းချိန်မှာ သေဆုံးသွားတာလို့ ပြောပါတယ်။ ဆရာ ဦးအောင်သန်းဇော်ရဲ့ ရုပ်အလောင်းကို မြို့လုလင်ကျေးရွာသုသာန်မှာ မနေ့က ဂူသွင်းသင်္ဂြိုဟ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကျောင်းဆရာ ဦးအောင်သန်းဇော် သေဆုံးမှုနဲ့ပတ်သက်ပြီး မြို့သစ်မြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် သေမှုသေခင်းနဲ့ပဲ အမှုဖွင့်ထားတယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။