ကချင်ပြည်နယ်ကျေးရွာအုပ်စု ၁၀၀ ကျော် ရွေးကောက်ပွဲ ကျင်းပရေး မသေချာ
ကချင်ပြည်နယ် မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်တွေထဲက ကျေး ရွာအုပ်စု ၁၀၀ ကျော်မှာ အခုချိန်ထိ မဲပေးခွင့်ရှိသူစာရင်း မကောက်ယူနိုင်သေးတဲ့အတွက် အဲဒီနေရာတွေ မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာဘူးလို့ ပြည် နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေ က ပြောပါတယ်။
-
2015-08-11 -
-
-
Your browser doesn’t support HTML5 audio
ကချင်ပြည်နယ် မန်စီ၊ မိုးမောက်၊ ဝိုင်းမော်၊ အင်ဂျန်းယန် စတဲ့မြို့နယ်တွေထဲက ကျေးရွာအုပ်စု ၁၀၀ ကျော်မှာ အခုချိန်ထိ မဲပေးခွင့်ရှိသူစာရင်း မကောက်ယူနိုင်သေးတဲ့အတွက် အဲဒီနေရာတွေမှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ မသေချာဘူးလို့ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူတွေက ပြောပါတယ်။ နယ်မြေတည်ငြိမ်မှုမရှိတဲ့အတွက် မဲစာရင်းမကောက်နိုင်တာဖြစ်တယ်လို့ ကချင်ပြည်နယ် ရွေးကောက်ပွဲအရာရှိ ဦးထွန်းအောင်ခိုင်က ပြောပါတယ်။
"စစ်ဖြစ်လိုက်တဲ့အတွက် ရွာပျက်သွားတယ်၊ ပျက်စီးနေတဲ့အိမ်တွေ ကျန်ခဲ့တယ်၊ လူမရှိဘူး၊ လုံခြုံရေးအရ ကန့်သတ်နယ်မြေပေါ့နော်၊ ကေအိုင်အေသောင်းကျန်းသူတွေ ဝင်ထွက်သွားလာမှု များတဲ့နေရာတွေ ဒါကျတော့ လူရှိတယ်၊ သူတို့ဝင်ထွက်သွားလာမှုတွေများတယ်၊ ကျန်တဲ့ဌာနဆိုင်ရာတွေ သွားဖို့လာဖို့ခက်ခဲ့တယ်၊ အဲ့ဒါ ပုံစံတစ်မျိုး နောက်တစ်ခုကတော့ သူတို့ရဲ့အတွင်းပိုင်းဝင်ပြီးတော့ ဘယ်လိုမှသွားမရဘူး၊ မဲစာရင်းကောက် ဖို့တောင်မှ လုံခြုံရေးဆောင်ရွက်လို့ မရတဲ့နေရာမှာ ရွေးကောက်ပွဲသွားလုပ်လို့ ဘယ်လိုမှမဖြစ်နိုင်ဘူးလေ"
တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ မဲပေးခွင့်ရှိသူစာရင်းတွေကို ဒီလကုန်လောက်မှာ အပြီးသတ်ထုတ်ပြန်မှာဖြစ် ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒနယ် စုစုပေါင်း ၁၁၇၁ ခုမှာ ရွေးကောက်ပွဲကျင်းပမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် လုံခြုံရေးအရ စိုးရိမ်ရတဲ့နေရာတွေမှာ ရွေးကောက်ပွဲကျင်းပဖို့ကို ဖျက်သိမ်းခွင့် ရှိပါတယ်။ ကချင်ပြည်နယ်မှာ မြို့နယ် ၁၈ ခုရှိရာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ ပြည်နယ်လွှတ်တော်နဲ့ တိုင်းရင်းသားလူမျိုးစု မဲဆန္ဒနယ်အပါအဝင် စုစုပေါင်း မဲဆန္ဒနယ် ၇၀ ရှိပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၀ နဲ့ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ဒေသမတည်ငြိမ်လို့ဆိုပြီး ကချင်ပြည်နယ်မှာ ရွေးကောက်ပွဲဖျက်သိမ်းလိုက်တဲ့ မဲဆန္ဒနယ် ၆နေရာလောက် ရှိခဲ့ပါတယ်။
ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အရာရှိ ဦးထွန်းအောင်ခိုင်ကို RFA သတင်းထောက် မရွှေရည်မဉ္ဇူ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။