မန္တလေး ကျောက်ဝိုင်းက ဆိုင်ခန်းတွေကို ပြန်ဖွင့်ဖို့ စစ်ကောင်စီ ဖိအားပေး

ကျောက်ဝိုင်းလို့ လူသိများတဲ့ မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေး စခန်းထဲက ဆိုင်ခန်းတွေကို လာမယ့် မေလ ၁၄ ရက်နေ့ နောက်ဆုံးထားပြန်ဖွင့်ကြဖို့ စစ်ကောင်စီက အဲဒီကျောက်ဝိုင်းရှေ့မှာ အသိပေးကြေညာစာတွေ ကပ်ထားပါတယ်။

မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းရှေ့မှာ ကပ်ထားတဲ့ အသိပေးကြေညာစာကို ၂၀၂၁၊ မေ ၅ ရက်နေ့က တွေ့ရစဉ် Photo: Citizen Journalist

ကျောက်ဝိုင်းလို့ လူသိများတဲ့ မန္တလေး ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်းထဲက ဆိုင်ခန်းတွေကို လာမယ့် မေလ ၁၄ ရက်နေ့ နောက်ဆုံးထားပြန်ဖွင့်ကြဖို့ စစ်ကောင်စီက အဲဒီကျောက်ဝိုင်းရှေ့မှာ အသိပေး ကြေညာစာတွေ ကပ်ထားပါတယ်။

ပြန်မဖွင့်ဘူးဆိုရင် ဆိုင်ပိုင်ရှင်တွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့ ပြောဆိုထားပြီး ဘယ်လို အရေးယူမယ်ဆိုတာ မပြောထားပါဘူး။

ကျောက်ဝိုင်းကို ဒီမေလ ၃ ရက်နေ့ကစတင်ပြီး ကိုဗစ် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ဆိုင်ခန်းပိုင်ရှင်တွေကတော့ ပြန်ဖွင့်လှစ် မရောင်းချကြဘူးလို့ ကျောက်ရောင်းဝယ်ရေးသမားတွေက ပြောပါတယ်။

"ဆိုင်ပြန်မဖွင့်ရင် စည်းမျဉ်းဥပဒေအရအရေးယူမယ်ဆိုတော့ ဥပဒေမှာတော့ ကိုယ့်ဆိုင်ကိုယ် ပြန်မဖွင့်လို့ အရေးယူလို့ရတယ်လို့ ပြဌာန်းထားတာ မရှိပါဘူး။ အခွန်မဆောင်ရင်သာ အရေးယူလို့ရတာပါ။ ဒါပေမဲ့ သူတို့ (စစ်တပ်) ခေတ် ဆိုတော့ ဘာမှပြောလို့မရဘူးလေ၊ ကျောက်သမားတွေက အစစအရာရာ စိတ်ချလို့မရသလို စစ်ကောင်စီလက်အောက်မှှာလည်း မဖွင့်ချင်ကြလို့ မဖွင့်ကြတာ" လို့ ကျောက် အရောင်းအဝယ်သမားတစ်ယောက်က ပြောပါတယ်။

အလားတူ ကျောက်မျက်ပျံကျအခင်းဝိုင်းကိုလည်း ဧပြီလ ၂၅ ရက်နေ့က စတင်ဖွင့်လှစ်တယ်လို့ စစ်ကောင်စီ က ကြေညာထားပေမယ့် ရောင်းချမဲ့သူမရှိဘူးလို့ ဆိုပါတယ်။

မဟာအောင်မြေမြို့နယ်မှာရှိတဲ့ အဲဒီကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းမှာ ဆိုင်ခန်းပေါင်း ၁၁၀၀ ကျော် ရှိပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org