ချွန်ထက်တဲ့ကိရိယာတွေကို ကိုင်ဆောင်သွားလာခြင်း မပြုဖို့ ဖားကန့်မှာ စာထုတ်
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ချွန်ထက်တဲ့လက်နက်ကိရိယာတွေကို ကိုင်ဆောင် သွားလာခြင်းမပြုဖို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
-
2017-10-29 -
-
-
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ချွန်ထက်တဲ့လက်နက်ကိရိယာတွေကို ကိုင်ဆောင်သွားလာခြင်းမပြုဖို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့က မနေ့က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
လက်နက်ကိရိယာတွေကို အလွယ်တကူကိုင်ဆောင်လာပြီး ခိုက်ရန်ဖြစ်ပွားမှုတွေများလာတဲ့အတွက် ဒေသအတွင်း တရားဥပဒေစိုးမိုးဖို့ အသိပေးထုတ်ပြန်တာဖြစ်တယ်လို့ ဖားကန့်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင် က ပြောပါတယ်။
"တချို့ကလည်း အကြောင်းမဲ့ပေါ့နော်။ ဆိုင်ကယ်တွေနဲ့ ဓါးတွေနဲ့ သွားကြတယ်။ အချင်းချင်းရန်ဖြစ်ရင် ဓါးနဲ့ ခုတ်ကြတယ်။ အလွယ်တကူ ဓါးပါလာတယ်ပေါ့နော်။ မြို့လယ်ခေါင်မှာ ဆိုင်ကယ်ကြီးစီးပြီး ဓါးလွယ်ပြီး သွားလာနေတာတွေ၊ ရွာထဲတွေမှာ သွားလာနေတာတွေကို ကျနော်တို့က တားမြစ်တာပါ။ တစ်ခုခုဖြစ်လာရင်လည်း သူတို့က ချက်ချင်းတစ်ယောက်နဲ့ တစ်ယောက် ဓါးနဲ့ခုတ်တာတွေပြုတာတွေ အဲ့ဒီလိုဖြစ်စဉ်တွေ နှစ်ခု သုံးခုလောက်ဖြစ်လာတယ်။ ရေမဆေးအချင်းချင်း ခိုက်ရန်ဖြစ်လာတာပေါ့နော် ။ ဥပမာ ကျောက်ရှာရင်းကနေ ကျောက်တွေ့တဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် စကားများကြ တယ်။ စကားများကြရင်းကနေ အလွယ်တကူပါလာတဲ့ဓါးနဲ့ ခုတ်ကြတယ်။ ဒါကြောင့်မလိုအပ်ဘဲနဲ့ ဓါးတို့ ချွန်ထက်သောအရာတို့ လက်နက်ကိရိယာတွေကို ကိုင်ဆောင်ပြီး မသွားဖို့ပေါ့။ အဲဒါလေးကို ကျနော်တို့ ထုတ်ထားပါတယ်။ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးအတွက် ရည်ရွယ်တာပေါ့။ အားလုံးအတွက် အကျိုးရှိမယ့်ကိစ္စမျိုးပေါ့နော်"
ဖားကန့်မြို့နယ်မှာ အခုလို အသိပေးထုတ်ပြန်တာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။
ဒီရက်ပိုင်းအတွင်း ဖားကန့်မြို့နယ်မှာ ဓါးခုတ်မှုဖြစ်စဉ်တွေ ဆက်တိုက်ဖြစ်လာသလို၊ မြို့ရွာတွေအတွင်း ဓါးတွေ ကိုင်ဆောင်သွားလာမှု များလာတယ်လို့လည်း ဆိုပါတယ်။
ဖားကန့်ဒေသမှာ ဓါးလက်နက်တွေကိုင်ဆောင်ပြီး အုပ်စုဖွဲ့ ရန်ဖြစ်တာတွေ အနိုင်ကျင့်မှုတွေရှိနေတဲ့အတွက် အစိုးရက အခုလို ဆောင်ရွက်တာကို ဒေသခံတွေက ကြိုဆိုတယ်လို့ ပြောကြပါတယ်။
ဖားကန့်မြို့နယ်အတွင်း အသိပေးဆိုင်းဘုတ်တွေကို စိုက်ထူဖို့ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့အဆင့်ဆင့်ကို ညွှန်ကြား ထားတယ်လို့ သိရပါတယ်။
ဖားကန့်ကျောက်စိမ်းတွင်းဒေသမှာ ရေမဆေးသမားအချင်းချင်းဖြစ်စေ၊ ရေမဆေးသမားနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ကြားဖြစ်စေ၊ စီးပွားရေးသမားအချင်းချင်းတွေကြားဖြစ်စေ အကြောင်းအမျိုးမျိုးအပေါ်အခြေခံပြီး မကြာခဏ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။