မန္တလေးဆရာဝန်တစ်ဦး ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာဖြစ်လာ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ၂၅ နှစ် အရွယ် အမျိုးသားဆရာဝန်တစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်အပူချိန် မြင့်တာလာတာကြောင့် ဒီနေ့မနက် ၂ နာရီမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွေကို သီးသန့်ထားရှိရာ ကန်တော်နဒီဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

မန္တလေးမြို့ ကန်တော်နဒီ ဆေးရုံကို တွေ့ရစဉ် Photo: Khaymani Win/RFA

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးက ၂၅ နှစ် အရွယ် အမျိုးသားဆရာဝန်တစ်ဦး နေမကောင်းဖြစ်ပြီး ကိုယ်အပူချိန် မြင့်တာလာတာကြောင့်  ဒီနေ့မနက် ၂ နာရီမှာ ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်လူနာတွေကို သီးသန့်ထားရှိရာ ကန်တော်နဒီဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။

ဆေးရုံရဲ့ အရေးပေါ်နဲ့ပြင်ပလူနာဌာနမှာ တာဝန်ကျတဲ့ ဒီဆရာဝန်ကို စောင့်ကြည့်လူနာအဖြစ် သတ်မှတ်လိုက် တာနဲ့ ပတ်သက်ပြီး စိုးရိမ်ထိတ်လန့်စရာ မလိုဘူးလို့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးရဲ့ ဒုတိယဆေးရုံအုပ် ဒေါက်တာခင်ကျော်က RFA ကို ပြောပါတယ်။

“အာသီးရောင်တာပါ၊ သိပ်တော့ မထင်ပါဘူး၊ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းဖြစ်နေလို့ အကာအကွယ် ယူထားတာ မမှားဘူးပေါ့" လို့ ဒေါက်တာခင်ကျော်က ပြောပါတယ်။

တရုတ်နိုင်ငံ ရွှေလီမြိုမှာ ကျောက်ဖြတ်လုပ်ငန်း သွားရောက်လုပ်ကိုင်ခဲ့ဖူးတဲ့၊ ချောင်းဆိုးပြီး ဖျားနာနေတဲ့ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးကို အဲဒီဆရာဝန်က လက်ခံစစ်ဆေးပေးခဲ့ဖူးပါတယ်။

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ တည်တောကျေးရွာက အဲဒီအမျိုးသားဟာ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တရုတ်ပြည်ကို သွားရောက်ခဲ့တယ်၊ မတ်လ ၅ ရက်နေ့ နေရပ်ပြန်လာရာမှာ ဖျားနာနေတဲ့အတွက် အဲဒီမြို့ ဆေးရုံမှာ တက်ရောက်ကုခဲ့ပါတယ်။

၆ ရက်နေ့မှာတော့ လူမှုကူညီရေးအသင်းကားနဲ့ မန္တလေးဆေးရုံကြီးကို ရောက်ရှိလာပြီးနောက် စောင့်ကြည့်လူနာ အဖြစ် ကန်တော်နဒီဆေးရုံကို ပို့ဆောင်ထားတာပါ။

ဒီလူနာနဲ့ ပတ်သက်တဲ့ ကျန်းမာရေးအဖြေ ဒီကနေ့ သိရမယ်လို့ ဒေါက်တာခင်ကျော်က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ် သံသယလူနာတွေကို  သီးသန့်ဆောင်ထားရှိကုသဖို့ ဆေးရုံတွေ အားလုံးကို ညွှန်ကြားထား တာကြောင့် နယ်ဆေးရုံတွေမှာ ကာကွယ်ရေးဝတ်စုံတွေ လိုအပ်နိုင်တယ်လို့လည်း ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org