တရုတ်အပြင် ကိုရိုနာကူးစက်မှု အများဆုံးနိုင်ငံ တောင်ကိုရီးယားဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်ပြည်အပြင် ပိုးကူးစက်မှု မြင့်တက်လာတဲ့ တောင်ကိုရီးယားနိုင်ငံမှာ သေဆုံးသူ ငါးယောက် ရှိလာပါပြီ။

ဆိုးလ်မြို့ Gyeongbokgung နန်းတော်မှာ နှာခေါင်းစည်းတပ်ဆင်ထားတဲ့ ခရီးသွားတွေကို ၂၀၂၀ ဖေဖော်ဝါရီ ၁၀ ရက်နေ့က တွေ့ရစဉ် Photo: AFP

ကိုရိုနာဗိုင်းရပ်စ်စတင်ဖြစ်ပွားတဲ့ တရုတ်ပြည်အပြင် ပိုးကူးစက်မှု မြင့်တက်လာတဲ့ တောင်ကိုရီးယားနိုင်ငံမှာ သေဆုံးသူ ငါးယောက် ရှိလာပါပြီ။

ကိုရိုနာကူးစက်မှု နှစ်ဆလောက်အထိ မြင့်တက်လာတဲ့ တောင်ကိုရီးယားနိုင်ငံက မြန်မာအလုပ်သမားတွေဟာ အခုချိန်မှာ အပြင်ထွက်လည်တာတွေ၊ သူငယ်ချင်းတွေနဲ့ တွေ့ဆုံတာတွေ မလုပ်တော့ဘဲ အသွားအလာ သတိထားနေကြပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီ ၂၁ ရက်မှာတင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု နှစ်ဆလောက် မြင့်တက်သွား ပါတယ်။ ဒီပိုးဟာ မြို့နယ် ၁၈ ခုလောက်မှာ ကူးစက်နေတာပါ။

ရောဂါကူးစက်တာတွေရှိနေတဲ့ ဆိုးလ်၊ ဂူယောင်ဘို့၊ ဘူဆန်နဲ့ ဒလ်ဂူမြို့တွေမှာ မြန်မာအလုပ်သမားတွေ အနေများပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်တာ အမြင့်ဆုံးဖြစ်နေတဲ့ ဒယ်ဂူမြို့မှာဆိုရင် အရင်က စည်ကားနေသလောက် အခုဆိုရင် မြေအောက်ရထားတွေ၊ အများပြည်သူ သွားလာနေကြနေရာတွေမှာ လူသွားလူလာနည်းပါးနေတယ်လို့ ဒယ်ဂူမြို့မှာရှိတဲ့ မြန်မာအလုပ်သမားတွေက ပြောပါတယ်။

စက်ရုံရဲ့အနားဝန်းကျင်မှာ ကူးစက်ခံရသူတွေရှိနေတာကြောင့် တချို့စက်ရုံတွေဆိုရင် ပိတ်ထားရတဲ့အထိ ဖြစ်နေပါတယ်။

ဒလ်ဂူမြို့မှာ အလုပ်လုပ်နေတဲ့ ကိုမင်းပြည့်ဖြိုးအောင်က သူတို့စက်ရုံမပိတ်ပေမယ့် အပြင်ထွက်တာကို သတိထားဖို့ အလုပ်ရှင်က သတိပေးထားတယ်လို့ ပြောပါတယ်။

“ကျနော်တို့က စက်မှုဇုန်ထမင်းဆိုင်မှာ စားရတာဆိုတော့ ထမင်းဆိုင်မသွားခိုင်းတော့ဘဲ စက်ရုံမှာဘဲ ထမင်းဗူးတွေ မှာကျွေးတော့တယ်။ အပြင်ထွက်ခွင့် မရှိတော့ဘူး။ လုံးဝကြီးမထွက်ရဘူးတော့ မဟုတ်ဘူးပေါ့နော်။ ထွက်တဲ့အခါ သတိထားကြဖို့။ နိုင်ငံခြားသား အလုပ်သမား ဖြစ်တဲ့အခါကျတော့ သွားရလာရ အခက်ခဲရှိတော့ မသွားရင် အကောင်းဆုံးလို့ သတိပေးတယ်ပေါ့နော်“

ဒယ်ဂူမြို့က ရှင်းချောင်းဂျီဘုရားကျောင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေသူ တစ်ယောက်ကနေတဆင့် ပြန့်ပွားပြီး ထပ်ကူးစက်တာပါ။ အဲဒီဘုရားကျောင်းကိုတက်ခဲ့သူ အယောက် ကိုးထောင်ကျော်ရှိပြီး ရောဂါသံသယရှိတယ်လို့ အစိုးရကို ဆက်သွယ်ဖြေကြားတဲ့သူ တစ်ထောင်ကျော်၊ ဘာမှမဖြစ်ဘူးလို့ ပြောတဲ့သူ ၇ ထောင်ကျော်ရှိပါတယ်။ ကျန်တဲ့ အယောက် ၆ ရာကျော်ကတော့ ဘာအဖြေမှလည်းမပေး၊ အဆက်သွယ်လည်းမရလို့ အစိုးရက ရဲတပ်ဖွဲ့ အင်အား ခြောက်ရာကျော်နဲ့ ရှာဖွေနေပါတယ်။ တွေ့ရင်ဆေးစစ်ခိုင်းပြီး၊ ဒါကိုငြင်းဆန်ရင် ပြင်းပြင်းထန်ထန် အရေးယူမယ်ဆိုပြီးလည်း ထုတ်ပြန်ထားပါတယ်။

ဒယ်ဂူမြို့မှာ ရိက္ခာပြတ်မှာစိုးလို့ အလုအယက် ဈေးဝယ်ကြတာတွေလည်းရှိပါတယ်။

ဗိုင်းရပ်စ်ပိုး ကူးစက်သူတွေရှိနေတဲ့ ဂွမ်ဂျူးမြို့က မြန်မာအလုပ်သမား ကိုစိုးဌေးကလည်း ကူးစက်မှာစိုးရိမ် တာကြောင့် အပြင်မထွက်ဖြစ်တော့ဘူးလို့ ပြောပါတယ်။

“အရင်တုန်းကတော့ အပြင်သွားဖြစ်ပေမယ့် အခုကျတော့ စိုးရိမ်စိတ်ရှိနေတော့ အိမ်တွင်းအောင်းနေတဲ့သူတွေ များပါတယ်။ အလုပ်ကတော့ရှိနေပါတယ်။ အလုပ်ထဲမှာလဲ Mask တွေတပ်ဖို့ ပြောထားတာတွေ ရှိပါတယ်။ သူတို့ကိုယ်တိုင်ဝယ်ပြီးတော့ တပ်ဖို့ပြောပါတယ်။ ဒီမြို့အနေထားကတော့ စိုးရိမ်စရာ သိပ်မရှိသေးပါဘူးခင်ဗျ။ ပုံမှန်ပဲ သွားလာနေကြပေမယ့်လည်း ကိုယ့်အသိစိတ်နဲ့ကိုယ် လူစုလူဝေးနေရာတွေကို မသွားကြဘူးခင်ဗျ“

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာကို စိုးရိမ်ပြီးစိတ်ပူနေကြတာ၊ သတင်းအမှားတွေကိုယုံပြီး ပြန်ချင်ကြတဲ့ မြန်မာအလုပ်သမားတွေလည်းရှိတယ်လို့ မြန်မာအလုပ်သမားလူမှုဖူလုံရေးစင်တာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ကိုစိုးမိုးသူက ပြောပါတယ်။

“တချို့ကျတော့လည်း တအားစိုးရိမ်ကဲတာပေါ့နော်။ သတင်းမှားတွေကို ယုံပြီးတော့ တုန်လှုပ်နေတာလည်း ရှိတာပေါ့နော်။ အတတ်နိုင်ဆုံး ကျနော်တို့ကတော့ သတင်းမှားဆိုရင်လည်း သတင်းမှားတဲ့အကြောင်း ပြန်ပြောပေးပါတယ်။ စိုးရိမ်သောက မများစေချင်ဘူး။ ကျနော်တို့ကို မေးမြန်းနိုင်ပါတယ်။ တချို့ကတော့ လည်း ပြန်မယ့်ရက်က နည်းနည်းဝေးသေးတာပေါ့။ အပြီးပြန်တော့မှပေါ့နော်။ ဒီလိုမျိုးဖြစ်လာတော့ ရက်ကို ရှေ့တိုးပြီး ပြန်တာမျိုး ရှိတာပေါ့နော်။ လောလောဆယ် အခြေအနေကတော့ ကမ္ဘာပျက်လောက်အောင် စိုးရိမ်စရာမလိုဘူးလို့လည်း ပြောချင်တာပေါ့နော်“

ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေကတော့ ဈေးတွေတက်သွားပြီး ဝယ်ရခက်တဲ့အခြေအနေတော့ ဖြစ်နေပါတယ်။ ကိုရီးယားအစိုးရကတော့ အခမဲ့ပေးနေတယ်လို့ ကိုရီးယားရောက် မြန်မာတွေက ပြောကြပါတယ်။

ကိုရီးယားနိုင်ငံဆိုင်ရာ မြန်မာသံရုံးကလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မခံရအောင် ဆောင်ရန်၊ ရှောင်ရန်နည်းတွေ၊ ရောဂါကူးစက်ခံရသူရှိရင် ဆက်သွယ်ဖို့ ဖုန်းနံပါတ်တွေကို ထုတ်ပြန်ထားပါတယ်။ ဒီနေ့ သံရုံးကို RFA က ဆက်သွယ်ပေမယ့် မရခဲ့ပါဘူး။

အခုဆိုရင် ပိုးကူးစက်ခံရသူ ၆၀၂ ယောက်၊ ၆၀၃၉ ယောက်ကတော့ စစ်ဆေးမှုခံယူနေရပြီး ပိုးတေ့ွရှိသူ ၁၈ ယောက်၊ အရေးပေါ်အခြေအနေရောက်နေသူ ရှစ်ယောက်၊ သေဆုံးသူ ငါးယောက် ရှိနေပါတယ်။ ဒီပိုး ကူးစက်ခံရတဲ့ နိုင်ငံပေါင်း ၃၃ နိုင်ငံရှိပြီး ၂၄၆၆ သေဆုံးခဲ့ပါတယ်။ တရုတ်ပြည်ပြင်ပမှာဆိုရင် ကိုရီးယားနိုင်ငံဟာ ကူးစက်မှုအမြန်ဆုံးဖြစ်နေတာပါ။

ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့အခြေအနတွေကို အချိန်နဲ့အမျှ ရုပ်မြင်သံကြားသတင်းတွေ၊ တယ်လီဖုန်းစာတိုစနစ်တွေကနေ ထုတ်ပြန်ပေးနေတာကြောင့် သတင်းအချက်လက်တွေကို အကုန်သိနေရတယ် လို့လည်း မြန်မာလုပ်သားတွေက ပြောကြပါတယ်။

ကိုရီးယားနိုင်ငံမှာရှိတဲ့ တချို့အလုပ်သမားတွေကတော့ စိုးရိမ်စိတ်ကြောင့် မြန်မာနိုင်ငံကို ပြန်ချင်ပေမယ့် တချို့ကတော့ တောင်ကိုရီးယားနိုင်ငံက ကျန်းမာရေးစနစ်အရ အစိုးရက ကုန်ကျခံပေးပြီး စနစ်တကျ ကုသပေးတာတွေရှိတာကြောင့် မပြန်ချင်ဘူးလို့လည်း ပြောကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org