လူမျိုးဘာသာမခွဲခြားဘဲဆောင်ရွက်ပေးနေကြောင်း လဝက လက်မှတ်ထိုးခိုင်းတဲ့ကိစ္စ တိုင်ကြား

နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာမှာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ပေးနေတဲ့အကြောင်း ဗလီဂေါပကတွေကို ပဲခူးလဝကရုံးက ထောက်ခံလက်မှတ် ထိုးခိုင်းခဲ့တဲ့ကိစ္စ အရေးယူပေးဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတကို ပဲခူးမြို့က အစ္စလာမ်ဘာသာဝင် ၈ ရာကျော်က လက်မှတ်ရေးထိုး တိုင်ကြားလိုက်ပါတယ်။

ခွဲခြားမှုမရှိဘဲ နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေတဲ့အကြောင်း ပဲခူး လဝကရုံးက ဗလီ ဂေါပကတွေကို ခေါ်ယူပြီး ဖိအားပေး ထောက်ခံလတ်မှတ် ထိုးခိုင်းခဲ့တာနဲ့ပတ်သက်ပြီး အရေးယူပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ သမ္မတထံ တိုင်ကြားစာ .

ပဲခူးမြို့မှာ အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားရာမှာ ခွဲခြားမှုမရှိဘဲ ဆောင်ရွက်ပေးနေတဲ့အကြောင်း ဗလီ ဂေါပကတွေကို ပဲခူး လဝကရုံးက ခေါ်ယူပြီး ဖိအားပေး ထောက်ခံလက်မှတ် ထိုးခိုင်းခဲ့တဲ့ကိစ္စ အရေးယူပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတထံကို ပဲခူးမြို့က အစ္စလာမ်ဘာသာဝင် အယောက် ရှစ်ရာကျော်က လက်မှတ်ရေးထိုး တိုင်ကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၅ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပဲခူးမြို့က လူထုတွေ့ဆုံပွဲမှာ အစ္စလာမ်ဘာသာဝင်တွေ မှတ်ပုံတင်ပြုလုပ်ရာမှာ ခွဲခြားဆက်ဆံခံရတာတွေ ရှိနေကြောင်း ၊ ငွေကြေးတစ်စုံတရာပေးမှသာ ပြုလုပ်ပေးကြောင်း ဒေသခံ အစ္စလာမ်ဘာသာဝင်တစ်ဦး က တင်ပြခဲ့ပါတယ်။ အဲဒီအပေါ် ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဘာသာလူမျိုးကို အကြောင်းပြ ခွဲခြားဆက်ဆံတာမျိူးမလုပ်ဖို့ ပြဌာန်းချက်နဲ့အညီ ဒီကိစ္စပေါ် အမြန်ဆုံး ဖြေရှင်းသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ပြန်သွားပြီးနောက် အဲဒီနေ့မှာပဲ ပဲခူး လဝကရုံးက ဗလီ ဂေါပကတွေကို ခေါ်ယူပြီး နိုင်ငံသားစိစစ်ရေးကတ် လျှောက်ထားရာမှာ လူမျိုးဘာသာခွဲခြားမှုမရှိဘဲ အစ္စလာမ်ဘာသာဝင်တွေကိုလည်း နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ပေးနေကြောင်း စာရေးထားတဲ့ စာရွက်ပေါ်မှာ လတ်မှတ်ရေးထိုးခိုင်းခဲ့တဲ့အတွက် ဒီမိုကရေစီစံနှုန်းတွေနဲ့ မအပ်စပ်တဲ့ ဖိအားပေး လတ်မှတ်ရေးထိုးခိုင်းတဲ့အပေါ် စိစစ်အရေးယူပေးဖို့ တိုင်ကြားထားတာဖြစ်တယ်လို့ ဦးဆောင်တိုင်ကြားသူ ပဲခူးမြို့က အစ္စလာမ်ဘာသာဝင်လူငယ်တစ်ဦးဖြစ်တဲ့ ကိုမျိုးကိုကိုခိုင်က RFA ကို ပြောပါတယ်။

အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကတ်လုပ်တဲ့အခါ နဲ့ နိုင်ငံကူးလတ်မှတ်လုပ်ရာမှာ ခွဲခြားဆက်ဆံခံရမှုတွေရှိနေကြောင်း လဝက ရုံးတွေမှာ ခွဲခြားဆက်ဆံခံရတာက အစ္စလာမ်ဘာသာဝင်ဖြစ်ပြီဆိုတာနဲ့ တခြား နိုင်ငံတစ်ခုခုရဲ့ နိုင်ငံနာမည် ဥပမာ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယဆိုပြီး လူမျိုးနေရာမှာ ပေါင်းထည့်ခိုင်းတာ၊ အဲ့ဒီလို နိုင်ငံထည့်လိုက်တဲ့အတွက် ပတ်စပို့ရုံးမှာထပ်ပြီး ခွဲခြားဆက်ဆံခံရတာ၊ တခြားဘာသာဝင်တွေထက် အချိန်ပိုကြာပြီး ဆောင်ရွက်ရတာတွေ ရှိနေတယ်လို့ ကိုမျိုးကိုကိုခိုင်က ပြောပါတယ်။

အဲ့ဒီလို အစ္စလာမ်ဘာသာဝင်တွေ နိုင်ငံရေးစိစစ်ရေးကတ် ရရှိရေးအတွက် ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ ခွဲခြားဖိနှိပ်မှုတွေကို အမှန်တကယ် ဖြေလျော့သွားဖို့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ နိုင်ငံတော် သမ္မတ အနေနဲ့ ဒီကိစ္စပေါ် ဖြေရှင်းဆောင်ရွက်ပေးဖို့ ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က ပဲခူးမြို့က အစ္စလာမ်ဘာသာဝင်တွေက စာပေးပို့ တိုင်ကြားခဲ့တာဖြစ်ပါတယ်။


ဒီကိစ္စနဲ့ပတ်သက်ပြီး ပဲခူးမြို့နယ် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ဦးစီးဌာန တာဝန်ရှိသူကို RFA က ဖုန်းဖြင့် ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိပါဘူး။

ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org