နာဂ လက်နက်ကိုင်အဖွဲ့က ဖမ်းထားသူ ၅ ဦးကို ပြန်လွှတ်

တပ်မတော်က ထိန်းသိမ်းထားတဲ့ နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အဖွဲ့ဝင် ၁၀ ဦးထဲက ၅ ဦးကို ဧပြီလ ၅ ရက်နေ့မှာ ခံဝန်ချက်နဲ့ သူတို့နေအိမ်တွေဆီ ပြန်လွှတ်ပေးလိုက်ပါတယ်။

မတရားအသင်းဆက်သွယ်မှုဥပဒေ ပုဒ်မ ၁၇ (၁)နဲ့ တရားစွဲခံရတဲ့ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K အဖွဲ့က ဦးစောထင်၊ ဒုဥက္ကဋ္ဌ ဦးကျော်ဝမ်းစိန်နဲ့ ဥက္ကဋ္ဌ ဦးအန်ကန့် တို့ကို ၂ဝ၁၇ ခုနှစ် ဒီဇင်ဘာလကတွေ့ရစဉ် Photo: MOI

တပ်မတော်က ထိန်းသိမ်းထားတဲ့ နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ NSCN-K ရဲ့ အဖွဲ့ဝင် ၁၀ ဦးထဲက ၅ ဦးကို ဧပြီလ ၅ ရက်နေ့မှာ ခံဝန်ချက်နဲ့ သူတို့နေအိမ်တွေဆီ ပြန်လွှတ်ပေးလိုက်ပါတယ်။

အိန္ဒိယအစိုးရကို တိုက်ခိုက်နေတဲ့ အာသံနဲ့ကသည်းတပ်ဖွဲ့ဝင်တွေနဲ့ ဆက်သွယ်ပတ်သက်မှု မလုပ်ဆောင်ပါဘူး ဆိုတဲ့ ခံဝန်ကတိနဲ့ ပြန်လွှတ်ပေးလိုက်တာလို့ နာဂစာပေနဲ့ ယဉ်ကျေးမှုဗဟိုဥက္ကဋ္ဌ ဦးအောင်ထွဋ် က ပြောပါတယ်။

ဧပြီလ ၅ ရက်နေ့မှာ ပြန်လွှတ်ပေးလိုက်သူ ၅ ဦးဟာ NSCN-K အဖွဲ့ဝင်တွေဖြစ်ပေမယ့် အဖွဲ့အစည်းလုပ်ငန်းတွေကို တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိတာကြောင့် တရားစွဲဆိုမှုမလုပ်ခဲ့တာလို့ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးသန်းနိုင်က ပြောပါတယ်။

ဧပြီ ၅ ရက်နေ့က ပြန်လွှတ်ထားတာပါ။ သူတို့က အဖွဲ့စည်းဝင်အဖွဲ့ဝင်တွေဖြစ်ပေမယ့် အဖွဲ့အစည်းလုပ်ငန်းတွေ ကို တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိပါဘူး။ အဲလိုစစ်ကြောသိရှိရတာ ဖြစ်တဲ့အတွက် ကျနော်တို့က တရားစွဲဆိုခြင်း မရှိဘဲနေရပ်ကို ပြန်လွှတ်ထားတာဖြစ်ပါတယ်။ သူတို့အိမ်တွေပေါ့ဗျ။ ခန္တီးတို့ လဟယ်တို့က သူတို့မိသားစု အိမ်တွေပါ။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ခန္တီးဗျူဟာက တပ်ရင်း ၆ ရင်းဟာ နာဂတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဌာနချုပ်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ကချင်ပြည်နယ်အစပ်က တဂါးနယ်မြေကို အင်အား ၄၀၀ ခန့်နဲ့ ဝင်ရောက်နေရာယူခဲ့ပါတယ်။

အဲဒီနောက်မှာတော့ NSCN-K က တပ်ဖွဲ့ဝင် ၁၀ ဦးကို ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ဆက်လက်ဖမ်းဆီးထားတဲ့ ၅ ဦးကို မတရားအသင်းဆက်သွယ်မှုဥပဒေပုဒ်မ ၁၇ (၁)နဲ့ တရားစွဲဆိုပြီး အခုလ ၉ ရက်နေ့က ခန္တီးမြို့နယ်တရားရုံး မှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ရုံးထုတ်စစ်ဆေးခဲ့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ခန္တီးဒေသခံ ဦးအောင်ဆန်းမြင့် က အခုလို ပြောပါတယ်။

၉ ရက်နေ့မှာ ခန္တီးမြို့မှာ ရုံးထုတ်တယ်။ စစ်ဗျူဟာရုံးက ဗိုလ်ကြီးသန့်ဇင်အောင်က တရားလိုပြုလုပ်တယ်ပေါ့ အဲဒီမှာ သူတို့ပထမဦးဆုံးစစ်ဆေးတယ်။ စစ်ဆေးပြီးတော့ ခန္တီး ၃ မိုင်ထောင်ကို ပို့လိုက်တယ်ပေါ့။ ခဏစစ်တယ် စစ်ပြီးတော့ ပြန်ပို့လိုက်တယ်ပေါ့။

တရားရုံးက နောက်တစ်ကြိမ်ရုံးချိန်းကို ဧပြီလ တတိယအပတ်အတွင်းထပ်မံ ချိန်းဆိုထားပါတယ်။

နာဂစာပေနဲ့ယဉ်ကျေးမှုဗဟိုဥက္ကဋ္ဌ ဦးအောင်ထွဋ်က ဖမ်းဆီးခံထားရသူတွေအမှုကို တရားဥပဒေဘောင် အတွင်းကနေ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောပါတယ်။

၁၉ ရက်နေ့ မှာနောက်ထပ်ရုံးချိန်း ရှိပါတယ်ခင်ဗျ။ ရှေ့နေကို ကျနော်တို့လည်း ပြင်ဆင်နေပါတယ်ခင်ဗျ။ ကျနော်တို့က ဥပဒေအရ ဘောင်ထဲကနေ ဖြေရှင်းဆောင်ရွက်ပေးဖို့အတွက်ပါခင်ဗျ။ မြန်မာနိုင်ငံရှေ့နေ များကောင်စီရဲ့ ဒုတိယဥက္ကဋ္ဌဖြစ်သူ ရှေ့နေဦးသိန်းသန်းဦး လိုက်ပါကူညီဆောင်ရွက်ပေးမှာဖြစ်ပါတယ်ခင်ဗျ။

NSCN-K ဟာ အစိုးရနဲ့ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်က တိုင်းဒေသကြီးအဆင့် အပစ်အခတ်ရပ်စဲကြောင်း လက်မှတ်ရေးထိုးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

NSCN-K ရဲ့ ဖမ်းဆီးခံ တပ်ဖွဲ့ဝင် ၅ ဦးဘက်က အမှုလိုက်ပါဆောင်ရွက်ပေးဖြစ်တဲ့အကြောင်းကို  တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက အခုလိုပြောပါတယ်။

စစ်အစိုးရလက်ထက်ကတော့ စစ်အစိုးရနဲ့ဖြစ်တဲ့ တောင်သူတွေ၊ ကျောင်းသားတွေ၊ လယ်သမားတွေ ဘက်ကလိုက်တာ။ အခုလည်းပဲ ငြိမ်းချမ်းရေးဖော်ဆောင်နေရင်းတန်းလန်းနဲ့ ၁၇ (၁) နဲ့ ဒါနိုင်ငံရေးပုဒ်မပါပဲ။ နိုင်ငံရေးအရဖြစ်တဲ့ တိုင်းရင်းသားလူမျိုးစုတွေဖြစ်တဲ့အတွက် သူတို့ဘက်က ဥပဒေကြောင်းအရ လိုက်ပါဆောင်ရွက်ပေးဖို့ ဆရာလက်ခံလိုက်တာ။

ဖမ်းဆီးခံထားရသူ ၅ ဦးဟာ အိန္ဒိယအစိုးရကို ဆန့်ကျင်နေတဲ့ အာသံနဲ့ ကသည်း လက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်ခဲ့ပြီး မဟာမိတ်ဆက်ဆံမှုတွေရှိခဲ့တယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပါတယ်။

ပုဒ်မ ၁၇ (၁) နဲ့ တရားစွဲဆိုပြီး ခန္တီးမြို့နယ်အတွင်းက ၃ မိုင်ထောင်မှာ ထိန်းသိမ်းခံထားရသူ ၅ ဦးဟာ ဦးအန်ကန့်၊ ဦးကျော်ဝမ်းစိန်၊ ဦးအန်းမိုင်၊ ဦးစောထင်နဲ့ ဦးအောင်ဆိုင်းတို့ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိဖမ်းဆီးခံထားရသူတွေထဲမှာ ပါဝင်တဲ့ ဦးကျော်ဝမ်းစိန်က သူထိန်းသိမ်းမခံရစဉ် ဖေဖော်ဝါရီလ ၂ ရက်နေ့က အစိုးရတပ်မတော်က သူတို့ဌာနချုပ်ကို ဝင်ရောက်နေရာယူတာဟာ အန္ဒိယအစိုးရရဲ့ တောင်းဆိုချက်ဖြစ်တယ်လို့ RFA ကို ပြောခဲ့ပါတယ်။

ဒါ့အပြင် နာဂတိုင်းရင်းသားတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းအပေါ်မှာ သနားငဲ့ညာပြီး စစ်ဆင်ရေးမလုပ်ဖို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တို့ထံကို မေတ္တာရပ်ခံစာ ပေးပို့ထားတယ်လို့လည်း ပြောပါတယ်။

အစိုးရတပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်ဖို့ဆိုပြီး နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ NSCN-K ရဲ့ ဌာနချုပ်မှာ တပ်စွဲထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိ နယ်မြေ ရှင်းလင်းရေးလုပ်ငန်း တွေဆောင်ရွက်နေဆဲ ဖြစ်တယ်လို့ သိရပါတယ်ရှင်။

ဒီသတင်းကို RFA သတင်းထောက် မဝေမာထွန်းပေးပို့တာပါ။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org