NUG အစိုးရနဲ့ AA ရက္ခိုင့်တပ်တော်တို့ ဆွေးနွေး

ဒီရက်ပိုင်းအတွင်း NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေ နဲ့ AA ရက္ခိုင့်တပ်တော် ထိပ်တန်းခေါင်း ဆောင်တွေ အွန်လိုင်းကနေ ဆွေးနွေးခဲ့ကြ တယ်လို့ ခိုင်လုံတဲ့ သတင်းဇစ်မြစ်တွေက ပြောပါတယ်။

ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေကို‌ တွေ့ရစဉ်

NUG အမျိုးသားညီညွတ်ရေးအစိုးရခေါင်းဆောင်တွေပါဝင်တဲ့အဖွဲ့တစ်ခုနဲ့ AA ရက္ခိုင့်တပ်တော်က စစ် ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင် ဦးဆောင်တဲ့အဖွဲ့တစ်ခုတို့ ဇန်နဝါရီလ ၅ ရက်နေ့က အွန်လိုင်းကတဆင့် ဆွေးနွေးခဲ့ကြတယ်လို့ ခိုင်လုံတဲ့ သတင်းရပ်ကွက်က RFA ကိုပြောပါတယ်။ အဲဒီဆွေးနွေးပွဲမှာ NUG အစိုးရ အဖွဲ့ဝင် ဝန်ကြီးတွေနဲ့ ရခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA) ဘက်က ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေအကြား လက်ရှိအခြေအနေတွေကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ဆွေးနွေးတဲ့အချက်တွေထဲမှာ ရခိုင်တိုင်းရင်းသားတွေရဲ့ အနာဂတ်မျှော်မှန်းချက်၊ တိုင်းရင်းသားတွေရဲ့ အခွင့်အရေး၊ အာဏာရှင်စနစ် အပြီးအပိုင်ဖယ်ရှားရေး၊ AA နဲ့ NUG ပူးပေါင်းနိုင်မယ့် အကြောင်းအရာတွေ ပါဝင်ပြီး တိုးတက်မှုရှိတဲ့ ဆွေးနွေးပွဲဖြစ်တယ်လို့ NUG အသိုင်းအဝန်း ကပြောပါတယ်။ ဒါ့အပြင် အဲဒီ ဆွေးနွေးပွဲဟာ NUG နဲ့ AA အကြား ဒုတိယအကြိမ် တရားဝင်ဆွေးနွေးပွဲဖြစ်တယ်လို့လည်း သိရပါတယ်။

ရခိုင်တိုင်းရင်းသား ဝါရင့်နိုင်ငံရေးသမားတစ်ဦးဖြစ်တဲ့ ဦးဖေသန်းက ရက္ခိုင့်တပ်တော်ကို စစ်ကောင်စီက မလွှဲမရှောင်သာလို့ နေရာပေးပြီး ဆက်ဆံနေတာဖြစ်တယ်၊ အာဏာရှင်တွေရဲ့ မူလသရုပ်မှန်ကို သူတို့ ရခိုင်ပြည်သူတွေက သိပါတယ်။ ဒီတွေ့ဆုံပွဲဟာ ဖြစ်နိုင်ပါတယ်လို့ ပြောပါတယ်။

"ကျနော်တို့ ပြည်နယ်ထဲမှာ ULA/AA ရဲ့ သြဇာအရှိန်အဝါက အတော်ကြီးမားပါတယ်။ ဒါကြောင့်လည်း နောက်ဆုံး နစက က အရှုံးပေါ့နော်။ ပြည်သူလူထုတစ်ရပ်လုံး အနောက်မှာရှိတဲ့ အဖွဲ့အစည်းကို သူတို့မတတ်သာပဲနဲ့ ငြိမ်းချမ်းရေး လုပ်ခဲ့ရတယ်ပေါ့နော်။ ခုအချိန်ထိလည်း ULAA က အုပ်ချုပ်ရေးတို့ တရားစီရင်ရေးတို့ အခွန်ကောက်ခံတာတို့ လုပ်လာတာတောင်မှ သူတို့အနေနဲ့ မကျေနပ်ပေမယ့် တားဆီးတာတွေ လုံးဝ စစ်ရေးနဲ့ ဖြေရှင်းတာတွေ မလုပ်ဘူးပေါ့၊ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုနဲ့ ငြိမ်းချမ်းရေးတည်ဆောက်ထားကြတယ်ဆိုတဲ့ သဘောပေါ့။ ဒါ ကျနော်တို့ ပြည်နယ်ဘက်က အခြေအနေ ကို ပြောတာပါ။ NUG နဲ့ ဆွေးနွေး မဆွေးနွေးတော့ အတိအကျတော့ မသိပါဘူး။ ဒါပေမဲ့ ဒီဘက်ကတော့ ဆွေးနွေးရင် NUG နဲ့ပဲ ဆွေးနွေးမယ်လို့ ကျနော် သုံးသပ်လို့ရတာပေါ့။ ဘာလို့လဲဆိုတော့ နစက နဲ့ ငြိမ်းချမ်းရေး တည်ဆောက်တယ်ဆိုတာက သူ့အကျိုး ကိုယ့်အကျိုးပေါ့။ သူ့အကျိုး ကိုယ့်အကျိုး နှစ်ဘက် ပြေလည်ရင် ဒါက ပြဿနာမရှိဘူး၊ သူ့အကျိုးကိုယ့်အကျိုး ထိခိုက်လာမယ်ဆိုရင်တော့ တိုက်ပွဲတွေက အချိန်မရွေး ပြန်ဖြစ်လာနိုင်တယ်။ တကယ့် ပြည်သူကို အန္တရာယ်ပြုနိုင်တာ၊ ULA/AA ကို အခက်အခဲ တွေ့အောင် အကျဉ်းအကျပ်တွေ့အောင် လုပ်နိုင်တာက နစက ဖြစ်တယ်။ ဒါ့ကြောင့် သူ့အနေနဲ့ ပေါင်းခြင်း ပေါင်းရင် ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ NUG တို့ CRPH တို့လို NUCC တို့လို အဖွဲ့အစည်း တွေနဲ့ နိုင်ငံရေးအရ ရှေ့ကိုရည်မျှော်ပြီးတော့ ဆွေးနွေးနိုင်တယ်လို့ ကျနော်ထင်တယ်"

စစ်ကောင်စီကို ဆန့်ကျင်ပြီး လူထုနဲ့ ပူးပေါင်းခဲ့တဲ့ ဗိုလ်ကြီးတစ်ဦးက အခုလို NUG နဲ့ AA ဆွေးနွေးပွဲဟာ စစ်ကောင်စီကို ကြီးမားတဲ့ ထိုးနှက်ချက်ပဲလို့ ဝေဖန်လိုက်ပါတယ်။

"တော်လှန်ရေးရဲ့အရှိန် အမြင့်ဆုံး အခြေအနေတစ်ခုမှာ သူတို့အနေနဲ့ လက်တွဲသင့်တဲ့ တိုင်းရင်းသား အဖွဲ့တွေနဲ့ လက်တွဲပြီးတော့ ရှေ့ဆက်လုပ်ဆောင်ရမယ့်လမ်းကို မြန်မြန် အကောင်အထည် ဖော်လိုက် တယ်လို့ မြင်တယ်။ အရွေ့တစ်ခုကို မြန်မြန်ရောက်ဖို့အတွက် ဒါ တွေ့ဆုံဆွေးနွေးလိုက်တယ်လို့ ကျနော် မြင်တယ်။ တိုင်းရင်းသားတွေထဲမှာ AA က အင်အားတောင့်တင်းတဲ့ အဖွဲ့လည်း ဖြစ်တယ်၊ local PDF တွေ အနေနဲ့လည်း AA ဆီကနေ အထောက်အပံ့ ရလိမ့်မယ်လို့ မြင်တာပေါ့။ စစ်ကောင်စီက နဂိုထဲက AA ကို သိပ်ထိရဲတဲ့အထဲမှာ မပါဘူး။ AA ကို မထိရဲတဲ့အတွက်ကြောင့် AA အဖွဲ့က NUG နဲ့ အခုလို တွေ့ဆုံ ဆွေးနွေးလိုက်တယ်ဆိုတာ ကြားလို့ရှိရင်တော့ သူတို့အတွက်က ကြီးမားတဲ့ ဆုံးရှုံးမှုပေါ့၊ သူတို့လဲ AA ကို ညှိနှိုင်းဖို့ကြိုးစားတာ အခါခါဖြစ်တဲ့အတွက်ကြောင့် AA က သူတို့ကို လက်မခံဘဲနဲ့ NUG နဲ့ ပူးပေါင်း လိုက်တဲ့ သဘောကို ဆောင်သွားလို့ရှိရင် သူတို့အတွက် ကြီးမားတဲ့ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာနိုင်တာ ပေါ့နော်"

လက်ရှိအခြေအနေမှာ NUG အနေနဲ့ စစ်ရေးအရ ပိုမိုအားကောင်းအောင်ဆောင်ရွက်ဖို့လိုတယ်လို့ ဦးဖေသန်း ကပြောပါတယ်။

"နိုင်ငံရေးအရတော့ NUG က နိုင်ငံတကာ သံခင်းတမန်ခင်းအရ ခြေလှမ်းက ရှေ့ရောက်နေတယ်။ ဒါပေမဲ့ NUG မှာ စစ်ရေးအားဖြင့်တော့ နစက လောက်တော့ အားမကောင်းဘူးပေါ့နော်။ အဲဒီဘက်က အထောက်အပံ့ တစ်စုံတစ်ရာ ရရင်တော့ ပြည်သူလူထုကတော့ အကုန်လုံး NUG နဲ့ ပူးပေါင်းဖို့ သေချာသလောက်ပဲ။ ဒီဘက်ကလည်း သူတို့ရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့အတွက် ရှိသမျှ အင်အားကို ထုတ်သုံးမှာပဲ၊ ဒီ တိုက်ပွဲကတော့ ဒါကြောင့် တော်တော့်ကို ပြင်းထန်လာဦးမယ်၊ ပြည်သူလူထု ကလည်း တော်တော်ထိခိုက်ပြီး ဘဝတွေ ဆုံးရှုံးကြဦးမယ် စီးပွားတွေ ပျက်ကြဦးမယ်။ ဘယ်လိုလုပ်ကြမလဲ ဆိုတော့ ဆွေးနွေးပွဲလမ်းကြောင်းကလည်း ဖြစ်လာစရာအကြောင်း မရှိဘူး၊ ခြေကျွံ နှုတ်ကျွံတွေ တအားများသွားပြီ။ နိုင်ငံတကာ ဖိအားကိုလည်း ဟိုဘက်က အရေးစိုက်တာ မဟုတ်ဘူး။ လူထုရဲ့ စိတ်ဓာတ် ကတော့ စစ်အာဏာရှင်စနစ်ကို မုန်းလည်းမုန်းတယ် ရွံလည်းရွံတယ် ကြောက်လဲကြောက်တယ် ပေါ့နော်၊ ပြည်သူ့လူထုကတော့ အခွင့်အခါသင့်ရင် တော်လှန်ရေးအင်အားစုတွေကို ဝင်ကူကြမှာပဲ၊ အချိန်ကာလတစ်ခု အခြေအနေတစ်ခုကိုတော့ ဖြတ်ကျော်ရဦးမယ်လို့ ကျနော် နားလည်ပါတယ်"

ဒါ့အပြင်သူက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ NUG အကြားပူးပေါင်းမှုတွေ တိုးတက်လာနိုင်တယ် လို့လည်း သုံးသပ်ပါတယ်။

"EAO တွေ နဲ့ စစ်ကောင်စီရဲ့ ဆက်ဆံရေးကတော့ ရှေ့ဆက်ပြီး ဒီထက် တိုးတက်လာစရာအကြောင်း မရှိတော့ဘူးလို့ ကျနော်မြင်ပါတယ်။ ဒီဘက်က NUG နဲ့ EAOs တွေနဲ့ ဘယ်လောက်ပြေလည်မလဲ၊ ဘယ်လောက်ပူးပေါင်းနိုင်မလဲ ဆိုတာကတော့ NUG က ဘယ်လောက်အထိ တိုင်းရင်းသားအပေါ်မှာ ကိုယ်ချင်းစာပြီးတော့ ဖွဲ့စည်းပုံတစ်ရပ်ကို ရေးဆွဲပြီးတော့ ဂုဏ်သိက္ခာရှိရှိ လုပ်ပေးနိုင်မလဲဆိုတဲ့အပေါ်မှာ အများကြီး မူတည်ပါတယ်။ ဘာပဲပြောပြော ဒီအချိန်မှာတော့ EAO တွေ နဲ့ NUG နဲ့ မလွှဲမသွေကို မဟာမိတ်အခြေအနေကို ရောက်လာကြတယ်။ ဒါကြောင့် ဒီတိုက်ပွဲမှာတော့ ရှေ့ဆက်ပြီး ဒီထက် ပူးပေါင်းသွားနိုင်တယ်လို့ ကျနော်မြင်ပါတယ်၊ တကယ်တမ်းသာ ဖက်ဒရယ်အခွင့်အရေးကို လွတ်လွတ် လပ်လပ် ပေးလိုက်မယ်ဆိုရင် ခွဲထွက်စရာမလိုတဲ့ အခြေအနေမျိုး ပြည်ထောင်စုစစ်စစ် ဖြစ်လာမယ်လို့ ကျနော်ထင်ပါတယ်"

"ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို တိုင်းရင်းသားတွေအားလုံး အတူလက်တွဲပြီးတော့ တိုက်ခိုက်ဖို့ အရေးကြီးတယ်လို့ ကျနော် မြင်တယ်"

လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဦးအောင်မြင့် (ဘိုကလေး) ကလည်း တိုင်းရင်းသားအားလုံး ပူးပေါင်းရင် ဘုံရန်သူဖြစ်တဲ့ စစ်ကောင်စီကို မုချအနိုင်ရရှိမှာပဲလို့ ဝေဖန်ပါတယ်။

"AA နဲ့ NUG တွေ့ဆုံတဲ့ပွဲက ဗမာပြည် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းဖို့အတွက် ဘုံရန်သူကို ပူးပေါင်း တော်လှန်ဖို့ သဘောတူတယ်ဆိုရင် ဒါ အပေါင်းလက္ခဏာလို့ ကျနော်မြင်ပါတယ်။ မြန်မာပြည်ဒီမိုကရေစီ ခေတ်ပြောင်းတော်လှန်ရေးရဲ့ အဓိကရည်ရွယ်ချက်က စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ရခိုင်တိုင်းရင်းသားအပါအဝင် ရှမ်း၊ ချင်း၊ ကချင်၊ မွန် အားလုံး တန်းတူအခွင့်အရေးရရှိဖို့နဲ့ စစ်အာဏာရှင် လက်အောက်က အပြီးတိုင် လွတ်မြောက်ရေး ဖြစ်တယ်။ အဲဒီအတွက် ဘုံရန်သူဖြစ်တဲ့ စစ်အာဏာရှင် စနစ်ကို တိုင်းရင်းသားတွေအားလုံး အတူလက်တွဲပြီးတော့ တိုက်ခိုက်ဖို့ အရေးကြီးတယ်လို့ ကျနော် မြင်တယ်"

အခုလို တွေ့ဆုံဆွေးနွေးမှုနဲ့ ပတ်သက်ပြီး NUG နဲ့ AA နှစ်ဘက်လုံးက တရားဝင်ထုတ်ပြန် ပြောကြားခြင်း မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org