မြို့နယ် ၁၅ မြို့နယ်မှာ NUG ကြားကာလတရားစီရင်ရေး စတင်
NUG လွှမ်းမိုးထားနိုင်တဲ့ မြို့နယ်တွေထဲက တရားစီရင်ရေးလုပ်ငန်း လည်ပတ်နိုင်တဲ့အနေအထားရှိတဲ့ မြို့နယ်တွေမှာ စတင်တာလို့ NUG ရဲ့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။
- 2022-05-19
-
-
-
စစ်ကိုင်းတိုင်းထဲက ၁၅ မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ကြားကာလတရားစီရင်ရေး စတင်ပြီလို့ မေလ ၁၉ ရက်နေ့က ယာယီသမ္မတ အမိန့်နဲ့ ကြေညာလိုက်ပါတယ်။
NUG လွှမ်းမိုးထားနိုင်တဲ့ မြို့နယ်တွေထဲက တရားစီရင်ရေးလုပ်ငန်း လည်ပတ်နိုင်တဲ့အနေအထားရှိတဲ့ မြို့နယ်တွေမှာ စတင်တာလို့ NUG ရဲ့ တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောပါတယ်။
“ဒီဒေသတွေကို လွတ်မြောက်နယ်မြေတွေလို့ သတ်မှတ်ထားတာပေါ့။ ဒီဒေသတွေမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ လက်တွေ့စိုးမိုးနိုင်မှုက မရှိသလောက်ဖြစ်သွားပြီ၊ ကျွန်တော်တို့ဘက်က စိုးမိုးထားနိုင်တဲ့အနေအထားတွေ ဖြစ်သွားပြီ။ ကျွန်တော်တို့စိုးမိုးမှုအောက်မှာ ဒေသတွင်းမှာ ရှိနေတဲ့ ပြည်သူလူထုလုံခြုံရေးနဲ့ တရားမျှတမှုရရှိဖို့အတွက်ဆိုရင် တရားစီရင်ရေးလုပ်ငန်းက မလွှဲမသွေလုပ်ရမယ့် ကိစ္စဖြစ်တာပေါ့။ တပြိုင်နက်တည်းမှာလည်း ပြည်သူလူထု ကြုံတွေ့နေရတဲ့ မတရားမှုတွေကို ဒီတရားရုံးတွေကနေ ဖြေရှင်းနိုင်မယ့်အနေအထားဖြစ်သွားပါပြီ။”
NUG ကြေညာတဲ့ မြို့နယ်တွေဟာ စစ်ကိုင်းတိုင်းထဲက မြို့နယ် ၁၅ မြို့နယ် ဖြစ်ပါတယ်။
တမူး၊ ယင်းမာပင်၊ ကသာ၊ ကောလင်း၊ ကန့်ဘလူ၊ ဗန်းမောက်၊ ကျွန်းလှ၊ အင်းတော်၊ ထီးချိုင့်၊ ကနီ၊ ဝက်လက်၊ အရာတော်၊ မြင်းမူ၊ တန့်ဆည်၊ ခင်ဦး တို့ဖြစ်ပါတယ်။
ဒီ ၁၅ မြို့နယ်မှာ တရားရုံးတွေဖွင့်လှစ်ထားမှာဖြစ်ပြီး တစ်မြို့နယ်ကို တရားသူကြီး ၅ယောက်နှုန်းစီ ခန့်အပ်ထားတာဖြစ်ပါတယ်။
အဲဒီမြို့နယ်တွေမှာရှိတဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)တွေကတဆင့်ဖြစ်စေ၊ တရားရုံးတွေကို တိုက်ရိုက်ဖြစ်စေ အမှုတွေကို တိုင်ကြားနိုင်တယ်လို့ ဝန်ကြီး ဦးသိန်းဦးက ဆိုပါတယ်။
စစ်ကိုင်းတိုင်းထဲက ၂၉ မြို့နယ်နဲ့ မကွေးတိုင်းက ၇ မြို့နယ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီလို့ ဧပြီလကုန်လောက်က ကြေညာထားပါတယ်။