အာဆီယံအထူးကိုယ်စားလှယ်နဲ့ NUG အပါအဝင် တိုင်းရင်းသားအဖွဲ့အချို့ တွေ့ဆုံ

ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သတင်းတွေ ထွက်နေတာပါ။

မလေးရှားနိုင်ငံတွင် ကျင်းပသည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးပွဲ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် Othman Hashim အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် တွေ့ရစဉ်။ Reuters

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အော့သ်မန် ဟာရှင် နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) တို့က ကိုယ်စားလှယ်တွေ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး NUG ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးက အချိန်တန်ရင် သတင်းထုတ်ပြန်သွားမယ်လို့ RFA ကို ပြောပါတယ်။ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက် နှစ်ရက်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာလို့ သတင်းတွေ ထွက်နေတာပါ။

တွေ့ဆုံမှုမှာ ပါဝင်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တာဝန်ရှိသူတွေကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိသေးပါဘူး။

အာဆီယံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟာ ဖေဖော်ဝါရီလ ၆ ရက်နေ့က နေပြည်တော်ကို သွားရောက်ပြီး စစ်ကောင်စီရဲ့ နိုင်ငံခြားဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အသေးစိတ်ကိုတော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

အာဆီယံ အထူးကိုယ်စားလှယ်အနေနဲ့ ဒီခရီးစဥ်အတွင်း မြန်မာ့အရေး အပြောင်းအလဲအတွက် အဖြေတစ်ခုရဖို့ ကြိုးပမ်းတာ၊ စစ်ကောင်စီကို ဖိအားပေးတာမျိုး ရှိလာနိုင်တယ်လို့ အာဆီယံနဲ့ မြန်မာ့အရေး လေ့လာသူတွေက သုံးသပ်ထားကြပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၉ ရက်နေ့က မလေးရှားနိုင်ငံ လန်ကာဝီကျွန်းမှာ ကျင်းပတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲမှာ စစ်ကောင်စီကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက ရွေးကောက်ပွဲကို ဦးစားမပေးဘဲ အပစ်ရပ်ပြီး တွေ့ဆုံဆွေးနွေးမှုတွေ စတင်ဖို့ တိုက်တွန်းပြောဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org