စာသင်ကျောင်းများကို ပစ်မှတ်ထားတိုက်ခိုက်မှု NUG ရှုတ်ချ

စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ပတ်သက်လို့ ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဇွန် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

KNU ထိန်းချုပ်နယ်မြေ ဘီးလင်းမြို့နယ်ရှိ ခေါပိုးပလယ်(မင်းစော) အလယ်တန်းကျောင်းကို လေကြောင်းမှ တိုက်ခိုက်ခံရအပြီး ပျက်စီးသွားသည့် မြင်ကွင်းတစ်ခုအား ၂ဝ၂၄ ခုနှစ် မတ်လ ၂၄ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်တာနဲ့ပတ်သက်လို့ ရှုတ်ချတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပညာရေးဝန်ကြီးဌာနက ဇွန် ၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဇွန် ၄ ရက်က တနင်္သာရီတိုင်း၊ ထားဝယ်မြို့၊ အိမ်ရှေ့ပြင်ရပ်ကွက်က မူလတန်းကျောင်းဝင်းထဲ ဗုံးပေါက်ကွဲခဲ့ပြီး ကလေးငယ်သုံးဦး‌သေဆုံးခဲ့ရသလို ပြည်သူနှစ်ဆယ်ကျော် ထိခိုက်ခဲ့တယ်လို့ NUG ပညာရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။

မကွေးတိုင်း၊ ကံမြင့်ဘုန်းကြီးကျောင်းမှာလည်း ဇွန် ၅ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး ကလေးငယ် လေးဦးထက်မနည်း သေဆုံးပြီး ပြည်သူ နှစ်ဆယ်ကျော် ထိခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ စာသင်ကျောင်းတွေအပေါ် တိုက်ခိုက်မှု၊ တပ်စွဲမှုတွေဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတာလို့ NUG က စွပ်စွဲထားပါတယ်။

စစ်ကောင်စီရဲ့ ဝါဒဖြန့်မီဒီယာတွေမှာတော့ ထားဝယ်မြို့ မူလတန်းကျောင်းဝင်းထဲက ပေါက်ကွဲမှုဟာ ကျောင်းသားတစ်ဦးက မပေါက်ကွဲသေးတဲ့ ၄၀ မမ ဗုံးသီးကို ဆော့ကစားတာကနေ ပေါက်ကွဲခဲ့တာလို့ ရေးသားထားပါတယ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) အပါအဝင် ပါတီနှစ်ဆယ်ကလည်း ဒီပေါက်ကွဲ၊ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ NUG နဲ့ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့ (PDF) တို့ကို ရှုတ်ချတယ်လို့ ဇွန် ၅ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org