စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ NUG ပညာရေးစုံညီပွဲတော်ကျင်းပ

ဧပြီလ ၁၁ ရက်နေ့ကဆိုရင် ကနီမြို့နယ်မှာ ပညာရေးစုံညီပွဲတော် တစ်ခုကျင်းပခဲ့ပါတယ်။ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ လက်အောက်ခံပညာရေးအဖွဲ့တာဝန်ခံ ဦးဝင်းဌေးက စစ်ကောင်စီဘက်က လေယာဉ်ပျံနဲ့ နှစ်ကြိမ်လာရောက် ကင်းထောက်မှုတွေရှိပေမယ့် တစ်စုံတစ်ရာ နှောင့်ယှက်တိုက်ခိုက်မှုမရှိဘဲ ကာယ၊ ဉာဏ ပွဲမျိုးစုံကို သူတို့ကျင်းပခဲ့တယ်လို့ RFA ကိုပြောပါတယ်။

၂ဝ၂၂ ခုနှစ် ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် ပညာရေးစုံညီပွဲတော် ကျင်းပစဉ်။ Photo: Citizen Journalsit

စစ်ကိုင်းတိုင်းမှာ စစ်ကောင်စီတပ်တွေက မြို့ရွှာတွေကို မီးရှို့သတ်ဖြတ်၊ မုဒိမ်းကျင့်၊ လုယက်စတဲ့ လူမဆန်ရက်စက်မှုတွေ နေ့စဉ်ရက်ဆက် ပြုလုပ်နေချိန်အတွင်းမှာပဲ တချို့ဒေသတွေမှာ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အုပ်ချုပ်မှုကို မြင်လာနေရပါတယ်။

ဧပြီလ ၁၁ ရက်နေ့ကဆိုရင် ကနီမြို့နယ်မှာ ပညာရေးစုံညီပွဲတော် တစ်ခုကျင်းပခဲ့ပါတယ်။ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပအဖ လက်အောက်ခံပညာရေးအဖွဲ့ တာဝန်ခံ ဦးဝင်းဌေးက စစ်ကောင်စီဘက်က လေယာဉ်ပျံနဲ့ နှစ်ကြိမ်လာရောက် ကင်းထောက်မှုတွေ ရှိပေမယ့် တစ်စုံတစ်ရာ နှောင့်ယှက်တိုက်ခိုက်မှု မရှိဘဲ ကာယ၊ ဉာဏ ပွဲမျိုးစုံကို သူတို့ကျင်းပခဲ့တယ်လို့ RFA ကိုပြောပါတယ်။

“ကျနော်တို့ ကနီမြို့နယ်မှာ မြို့နယ် ပအဖ၊ မြို့နယ် ပညာရေးဘုတ်အဖွဲ့ ပူးပေါင်းပြီးတော့ ကျေးရွာပေါင်းစုံ ပညာရေးစုံညီပွဲတော် ကျင်းပနိုင်ခဲ့ပြီဗျ။ အားကစားပွဲဆိုရင်လည်း ကျေးရွာပေါင်းစုံ ရွာပေါင်းစုံကနေပြီးတော့ ကျနော်တို့ စုရပ်တစ်ခုမှာ စုပြီးတော့ ပြိုင်ပွဲကျင်းပတယ်။ ပြိုင်ပွဲကျင်းပပြီးတော့ ကာယ၊ ဉာဏ ဆု နှစ်မျိုးစလုံး ကျနော်တို့ ပေးနိုင်ခဲ့တယ်။ ဖျော်ဖြေရေး အစီစဉ်တွေ အကုန်လုံးပါတယ်။ ကနီမြို့နယ်အတွင်းကတော့ ပအဖလည်း ပုံပေါ်နေပြီ။ ပကဖလည်း ပုံပေါ်နေပြီဆိုတော့ ကျနော်တို့ကတော့ တော်တော်လည်း ထိန်းနိုင်နေပြီဗျ။ ကနီမြို့နယ်နဲ့ NUGနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု ရှိတယ်။ PDF ကလည်း ပအဖရဲ့ လမ်းညွှန်မှုအတိုင်း သွားတယ်။ ကျနော်တို့ ပအဖကလည်း NUG ရဲ့ လမ်းညွှန်မှုအတိုင်း သွားတာ”

“ထင်သာမြင်သာရှိတဲ့ တိုးတက်မှုလို့ပဲ ကျနော်ကတော့ မြင်ပါတယ်။ ရှေ့လျှောက်တော့ ကျနော်တို့တွေ ထပ်ပြီးတော့ ရုန်းကန်ကြိုးစားရဦးမယ်။”

NUG ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကလည်း စစ်ကိုင်းတိုင်းဒေသ အများစုကို စစ်ကောင်စီ အနေနဲ့ အုပ်ချုပ်နိုင်ခြင်း မရှိတော့ဘူးလို့ ပြောပါတယ်။

“သူတို့ အခုလိုမျိုး စုံညီပွဲတော်တွေ လုပ်တဲ့အပြင် စာမေးပွဲတွေတောင် လုပ်နေပြီလေ။ ကျနော်တို့ NUG က သတ်မှတ်ထားတဲ့ အရည်အချင်း အရည်အသွေးတွေနဲ့ ညီတဲ့ဟာတွေကို အရည်အချင်းညီ မညီ သူတို့ ဆန်းစစ်မှုတွေ လုပ်တယ်ပေါ့။ ကျနော်တို့ အဲဒီ မြို့နယ် ပညာရေးမှူးအဖွဲ့တွေနဲ့ကလည်း လစဉ်အစည်းအဝေးတွေ လုပ်ပြီးတော့ အဲ့ဒီကနေတစ်ဆင့်သွားနေတာပေါ့။ နောက်ပြီး ဒီကြားကာလ ပညာရေးနဲ့ ပတ်သက်တာကို အွန်လိုင်းမရတဲ့ နေရာတွေမှာ စောစောကလို Digital Form ပြောင်းပြီးတော့ Memory Stick တွေနဲ့ စစ်ကိုင်းတစ်တိုင်းလုံးကို ကျနော်တို့ ဖြန့်ထားပြီးပြီ။ သိန်းလေးဆယ်ကျော်ဖိုး။ ကျနော်တို့ စမ်းသပ် စီမံချက်အနေနဲ့ ကျနော်တို့ လုပ်ထားတာပေါ့။ အဲဒါကို ကျနော်တို့ အခု ချင်းတို့၊ မကွေးတို့၊ ကရင်နီတို့အတွက် ကျနော်တို့လုပ်နေတယ်။”

တကသ ကျောင်းသားဟောင်းများအင်အားစုဝင် ကိုဇေယျာလွင်ကလည်း NUG အစိုးရရဲ့ တစ်နှစ်အတွင်း အောင်မြင်မှုတွေကို မြင်တွေ့နေရပြီလို့ ဝေဖန်ပါတယ်။

“NUG ဆိုတဲ့ တစ်နှစ်ပြည့်ခါနီး အချိန်မှာ ဒီလိုမျိုး သတင်းမျိုးကို မြင်တွေ့ရတဲ့ အတွက် အားရကျေနပ်ဖွယ် တကယ်ကို ကောင်းတယ်။ စတိတ်စင်ကြီးနဲ့ ခမ်းခမ်းနားနားကြီးကို လုပ်နေတာ။ ဒါထင်သာမြင်သာရှိတဲ့ တိုးတက်မှုလို့ပဲ ကျနော်ကတော့ မြင်ပါတယ်။ ရှေ့လျှောက်တော့ ကျနော်တို့တွေ ထပ်ပြီးတော့ ရုန်းကန်ကြိုးစားရဦးမယ်။ အသက်တွေ၊ ချွေးတွေ၊ သွေးတွေ ပေးရဦးမယ်။ ဒါပေမဲ့ အဲ့ပေးဆပ်မှုမျိုးတွေနဲ့ တန်တဲ့ ရလဒ်မျိုးကိုတော့ ကျနော်တို့ အခုတွေ့နေရပြီ။ အခု ရွာတွေကို မီးရှို့တဲ့ ကိစ္စမျိုးက တောက်လျှောက်ဖြစ်ခဲ့တာ။ ဒါပေမဲ့ တစ်ဖက်မှာလည်း ဒီလိုမျိုး ထင်သာမြင်သာ ရှိတဲ့ တိုးတက်မှု အခြေအနေတွေ အများကြီးရှိနေတယ် ဆိုတာကို ကျနော်တို့ ပြန်တွေ့ရတယ်။ တော်လှန်ရေးအတွင်း ဒါက တကယ်ကို ကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်တယ်ပေါ့နော်။ ကျနော်တို့ သိပ်မဝေးတော့ပါဘူး” 

 “ပြည်သူနဲ့အတူ ရပ်တည်ကြပါလို့ ကျနော်က အားလုံးကိုပြောချင်တယ်။ ကျနော်တို့ တော်လှန်ရေးက ပြည်သူနဲ့အတူ အောင်ပွဲခံသွားမှာပါ” 

ဦးဝင်းဌေးက သူတို့ စစ်ကိုင်းတိုင်းမှာ ထူးခြားတိုးတက်မှုတွေကို လာမယ့် လအနည်းငယ်အတွင်းမှာ ရရှိမယ်လို့ ပြောပါတယ်။

“ကျနော်တို့ မြို့နယ်မှာတော့ ပျူစောထီးတွေ ရွာတစ်ရွာရှိတယ်ဗျ။ အလယ်ကျွန်းဆိုတဲ့ ရွာ။ ဒါပေမဲ့ သူတို့ ဘာမှ မလှုပ်ရှားနိုင်ဘူး။ အစောပိုင်းက သူတို့ လုတာတွေ ယက်တာတွေ ရှိတယ်။ ဒါပေမဲ့ သူတို့ ရွာထဲက ထွက်လာတာနဲ့ မိုင်းဆွဲလိုက်တာ ခွေးလေးကောင်လောက် ကျသွားတာ အဲ့နောက် သူတို့ မထွက်ရဲတော့ဘူးဗျ။ သူတို့ ရွာပတ်ပတ်လည်မှာ ကျနော်တို့ မိုင်းတွေ ထောင်ထားတယ်ဗျ။ ၃ လေးလအတွင်းမှာ စစ်ကိုင်းတိုင်းအတွင်းမှာ သေချာပေါက် ထူးခြားမယ်”

ဒေါက်တာဇော်ဝေစိုးကလည်း ပြည်သူတွေရဲ့ လက်ရှိနစ်နာဆုံးရှုံးမှုတွေကို သူတို့သေချာသိရှိပြီး စစ်ကောင်စီနဲ့ ပျူစောထီးတွေ ကျူးလွန်တဲ့ပြစ်မှုတွေကို နေ့စဉ်မှတ်တမ်းထားရှိပါတယ်။ တစ်ချိန်မှာ ပြတ်ပြတ်သားသား အရေးယူမှာဖြစ်တယ်လို့ ပြောပါတယ်။

“ပြည်သူနဲ့ အတူတူ မရှိတဲ့ လူတွေအတွက်ကတော့ အနာဂတ်မရှိဘူးလို့ ကျနော်က ပြောချင်တယ်။ ကျနော်က ယုံကြည်ပြီးသား ဒီတော်လှန်ရေးနဲ့ ပတ်သက်ရင် ကျနော်တို့တစ်တွေ ပြည်သူ့တော်လှန်ရေး ပြည်သူကနေ ဦးဆောင်ပြီးသွားနေတာ ပြည်သူ့ အုပ်ချုပ်ရေး၊ ပြည်သူ့တရားစီရင်ရေး၊ ပြည်သူ့ ပညာရေး၊ ပြည်သူ့ ကျန်းမာရေး၊ ပြည်သူနဲ့အတူ ရပ်တည်ကြပါလို့ ကျနော်က အားလုံးကိုပြောချင်တယ်။ ကျနော်တို့ တော်လှန်ရေးက ပြည်သူနဲ့အတူ အောင်ပွဲခံသွားမှာပါ။”

အခုလို ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တုံ့ပြန်ပြောဆိုချက်ကို လတ်တလော မရရှိနိုင်သေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org