ICJ မှာ တရားရင်ဆိုင်ဖို့ ဥပဒေအဖွဲ့သစ်ကို NUG ဖွဲ့စည်း

ICJ မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုအတွက် NUG ရဲ့ ဥပဒေအဖွဲ့သစ်ကို NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က မနေ့က ကြေညာလိုက်ပါတယ်။

Steven Powles QC နဲ့ Professor Jean-Marc Thouvenin တို့ကို တွေ့ရစဥ် Photo: Carnegie Peace Building Conversations and doughtystreet website

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဥပဒေအဖွဲ့သစ်ကို NUG ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ က ဖေဖော်ဝါရီ ၁၅ ရက် မနေ့က ကြေညာလိုက်ပါတယ်။

အဲဒီ ဥပဒေအဖွဲ့ထဲမှာ နိုင်ငံတကာက ဥပဒေကျွမ်းကျင်ပညာရှင်၊ လူ့အခွင့်အရေးနဲ့ စစ်ရာဇဝတ်မှုဆိုင်ရာ ကျွမ်းကျင်ပညာရှင် နှစ်ယောက် ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

NUG ရဲ့ ICJ အရေး ဥပဒေအဖွဲ့သစ်မှာ သဟိဂ် (The Hague) မြို့ အပြည်ပြည်ဆိုင်ရာ ဥပဒေ တက္ကသိုလ်ရဲ့ အထွေထွေအတွင်းရေးမှူးချုပ်၊ ပြင်သစ်လူ့အဖွဲ့အစည်းရဲ့ နိုင်ငံတကာရေးရာ ဥပဒေဘုတ်အဖွဲ့ဝင်၊ ပဲရစ်နောင်တဲ တက္ကသိုလ်ရဲ့ ပါမောက္ခ မစ္စတာ ဂျွန်မာ့စ်သူဗီနင် (Professor Jean-Marc Thouvenin) နဲ့ နိုင်ငံတကာတရားရုံးတွေမှာ လူ့အခွင့်အရေး၊ မဟုတ်မမှန်အကျဉ်းချခြင်း၊ စစ်ရာဇ၀တ်မှုတွေမှာ ကျွမ်းကျင်တဲ့ရှေ့နေ Steven Powles QC တို့ ပါဝင်နေပါတယ်။

အဲဒီ ဥပဒေပညာရှင် နှစ်ယောက်ဟာ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ လက်တွဲဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

လက်ရှိ စစ်ကောင်စီက ပြည်သူတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်နေတဲ့ အထောက် အထားတွေကိုလည်း NUG အနေနဲ့ စုဆောင်းပြီး ICJ မှာ တင်ပြဖို့လုပ်နေတယ်လို့ ဆိုပါတယ်။

NUG အနေနဲ့ ICJ အမှုအပေါ် ကန့်ကွက်ခဲ့မှုတွေအပေါ် ရုပ်သိမ်းထားကြောင်းကိုလည်း တရားရုံးကို အသိပေးပြီးဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၁၆၊ ၂၀၁၇ ကာလတွေက ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု ကျုးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက NLD ဦးဆောင်တဲ့ မြန်မာအစိုးရ အပေါ် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ တရားစွဲဆိုခဲ့မှုအပေါ် အစောပိုင်းမှာ ကန့်ကွက်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ NUG အစိုးရက အဲဒီကန့်ကွက်မှုတွေကို ပြန်ရုပ်သိမ်းခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org