စစ်ကောင်စီရဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေကို ဖော်ထုတ်ဖို့ ဆွေးနွေး
စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျုးလွန်တာတွေကို တရားမျှတစွာနဲ့ ဖော်ထုတ်နိုင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တွေ့ဆုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
- 2022-04-09
-
-
-
စစ်ကောင်စီရဲ့ ရာဇဝတ်မှုကျုးလွန်တာတွေကို တရားမျှတစွာနဲ့ ဖော်ထုတ်နိုင်ဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ တွေ့ဆုံခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အထူးအတိုင်ပင်ခံ Derek Chollet နဲ့ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၊ နိုင်ငံခြားရေး ဒု-ဝန်ကြီး ဦးမိုးဇော်ဦးတို့ဟာ ဧပြီလ ၈ ရက် မနေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ တွေ့ဆုံခဲ့တာလို့ U.S. Asia Pacific Media Hub က ဖော်ပြပါတယ်။
နောက်ပြီး NUG ဝန်ကြီးဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့၊ အလုပ်သမားဌာနရဲ့ လက်ထောက် အတွင်းဝန် Lisa Peterson နဲ့လည်း တွေ့ဆုံခဲ့သလို LGBTIQ ရဲ့ အထူးကိုယ်စားလှယ် Jessica Stern နဲ့လည်း တွေ့ဆုံခဲ့တယ်လို့ ရေးသားထားပါတယ်။
ဒီတွေ့ဆုံမှုကို “လူအားလုံးရဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ရှိသူတွေကို တာဝန်ခံစေဖို့ဟာ မြန်မာနိုင်ငံအနေနဲ့ အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းကို ပြန်သွားဖို့အတွက် အဓိကကျပါတယ်" လို့ U.S. Asia Pacific Media Hub က ဖော်ပြထားပြီး လိင်စိတ်ကွဲပြားသူတွေ ကြုံခဲ့ရတဲ့ အခက်အခဲအကြောင်းလည်း ဆွေးနွေးခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။
နောက်ပြီး ဒီမိုကရေစီနဲ့ လူအခွင့်ရေးအတွက် အမေရိကန်က မြန်မာပြည်သူတွေကို ထောက်ပံ့မှုတွေ ဆက်လုပ်သွားမယ်လို့ NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက လူမှုကွန်ရက်ပေါ်မှာ ရေးသားထားပါတယ်။
လတ်တလောမှာတော့ စစ်ကောင်စီဟာ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံခဲ့တာ၊ ဘင်္ဂလားပင်လယ်အော်ဒေသတွင်း နိုင်ငံတွေရဲ့ BIMSTECT အစည်းအဝေးကို တက်ရောက် တာတွေ ရှိနေချိန်မှာပဲ NUG က အမေရိကန်အစိုးရနဲ့ တွေ့ဆုံပြီး ကုလသမဂ္ဂမှာလည်း ရုရှားကို လူ့အခွင့်အရေး ကောင်စီကနေ ထုတ်ပယ်ဖို့ ထောက်ခံမဲပေးတာတွေ လုပ်ဆောင် နေတာ ဖြစ်ပါတယ်။